ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ မင်းတုန်းမြို့နယ်ရှိ ကျောက်နသိုးရေလွှဲဆည်နှင့် ကစော့ရင်းရေလွှဲဆည် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် တွေ့ရှိချက်များကို တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း

ဒုတိယအကြိမ်အစီရင်ခံစာများ

နိဒါန်း

၁။       ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ ရက်စွဲပါစာဖြင့် မင်းတုန်းမြို့နယ်၊ တပ်ကျေးရွာအုပ်စု၊ ကျောက်နသိုးဆည်ကိစ္စ ပွင့်လင်းမြင်သာမှုမရှိ၍ ဒေသခံလယ်သမားများကိုယ်စား ဦးကျော်လွင်၏ တောင်းဆိုမှုနှင့် ၂၀၁၆ ခုနှစ်၊ မေလ ၇ ရက်နေ့ ရက်စွဲပါစာဖြင့် မင်းတုန်းမြို့နယ်၊ ကြို့ဝရွာ ကစော့ရင်းဆည် တည်ဆောက်ထားမှုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါသဖြင့် စိစစ်ပေးပါရန် ဆည် ကော်မတီဥက္ကဋ္ဌ ဦးသီဟ၏ တင်ပြတောင်းဆိုမှုများနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ကွင်းဆင်းဆောင်ရွက်မှုများကို တင်ပြသွားမည်ဖြစ်ပါသည်။

ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်

၂။       ၂၀၁၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ပြည်သူ့ငွေစာရင်းကော်မတီဝင် (၅)ဦးနှင့်အတူ မင်းတုန်းမှ ဆည်(၂)ခုသို့ သွားရောက်လေ့လာရာတွင် မကွေးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးအပါအဝင် တာဝန်ခံအင်ဂျင်နီယာများနှင့် ဒေသခံ တောင်သူလယ်သမားများအား ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့ပါသည်။

၃။       ပထမဦးစွာ တပ်ကျေးရွာ၊ ကျောက်နသိုးဆည်တွင် ဒေသခံတောင်သူလယ်သမားများ သိရှိလိုသည်တို့ကို ဒုတိယညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်းတင်ပြမှုမှာ ယခုစီမံကိန်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေသိန်း(၂၀၀)ဖြင့် ခွင့်ပြုခဲ့ပြီး မကွေးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံများမှတင်ပြထားသော ရေထိန်းတံခါးနှင့်ပတ်သက်၍ မူလစီမံကိန်း တည်ဆောက်ရန် လျာထားစဉ်က ပါဝင်ခဲ့ခြင်းမရှိပါ။ သို့ပါသော်လည်း ယခုမျက်မြင်တွေ့ရှိချက်အရ ရေထိန်းတံခါး ထပ်မံတည်ဆောက်ပေးမည်ဖြစ်ပါကြောင်းနှင့် ဖြည့်စွက်လုပ်ငန်းအဖြစ် ဒေသခံများ ကိုယ်တိုင် ကိုယ်ပိုင်ငွေဖြင့် ဆောင်ရွက်ထားသည့် ရေမြောင်းအတွက် ကုန်ကျစရိတ်များကိုလည်း တွက်ချက်တောင်းခံပေးပါမည့်အကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါသည်။ ယခုကဲ့သို့ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြန်လည်ရှင်းလင်းတင်ပြချက်များကို ဒေသခံ တောင်သူများက ကျေနပ်လက်ခံခဲ့ကြသည်။

ကျောက်နသိုးဆည်နှင့်ပတ်သက်၍လေ့လာတွေ့ရှိချက်

၄။       ယခုဆည်နှင့်ပတ်သက်၍ လုပ်ငန်းစတင်စဉ်ကတည်းက မည်သည့်ဌာန၊ မည်သည့်ရန်ပုံငွေ၊ ငွေပမာဏ၊ ရေလွှဲဆည်အတိုင်းအတာပမာဏစသည့် လုပ်ငန်းလမ်းညွှန်အမှတ်အသားဆိုင်းဘုတ် များကို သက်ဆိုင်ရာလုပ်ငန်းခွင်အတွင်း အများပြည်သူသိရှိစေရန် ပွင့်လင်းမြင်သာစွာ စိုက်ထူထား ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ဒေသခံတောင်သူများ၏ မကျေနပ်မှု ဖြစ်ပေါ်လာရပါသည်။

သုံးသပ်ချက်

၅။       ဆည်မြောင်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာအနေဖြင့် ဒေသခံတောင်သူများ၏ သိရှိလို၍ မေးမြန်းမှုများကို ပြန်လည်အဆင်ပြေအောင် ရှင်းလင်းမပြောကြားခြင်းကြောင့် ယခုကဲ့သို့စိစစ် ပေးပါရန် တောင်းဆိုမှုအထိ ဖြစ်ပေါ်လာရပါသည်။

အကြံပြုချက်

၆။       သက်ဆိုင်ရာဌာနမှ ပြန်လည်ရှင်းလင်းခဲ့ပြီး တောင်သူများတင်ပြချက်ဖြစ်သည့် ရေထိန်း တံခါးနှင့် ရေလွှဲမြောင်းများသည် မူလစီမံကိန်းလျာထားစဉ်က ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရှိရ ပါသည်။ စီမံကိန်းမစတင်မီ ကွင်းဆင်းလေ့လာစဉ်ကပင် အမှန်တကယ်လိုအပ်မည့်လုပ်ငန်းများကို ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး အသေးစိတ်ဆွေးနွေး၍ တွက်ချက်တင်ပြမှုများဆောင်ရွက်ရန် ပွင့်လင်းမြင်သာစွာ လုပ်ငန်းလမ်းညွှန်ဆိုင်းဘုတ်များစိုက်ထူထားရန်၊ ဒေသခံပြည်သူများ သိရှိ လိုသည်များကို လေးလေးစားစားရှင်းပြရန် တင်ပြသင့်ပါသည်။

၇။       ပြည်သူ့ငွေစာရင်းကော်မတီသည် စိစစ်ပေးပါရန်တင်ပြထားသော ကြို့ဝရွာအနီး တည်ဆောက်ထားသည့် ကစော့ရင်းဆည်သို့ ၎င်းနေ့(၁၈.၅.၂၀၁၆)နေ့တွင်ပင် ဆက်လက် သွားရောက်လေ့လာခဲ့ပါသည်။

လေ့လာတွေ့ရှိချက်

၈။       ဒေသခံတောင်သူများ၏တင်ပြချက်ဖြစ်သည့် ဆည်တည်ဆောက်မှုအပေါ် အားရကျေနပ်မှု မရှိခြင်းဆိုသောအချက်ကို ကွင်းဆင်းလေ့လာရာတွင် သက်ဆိုင်ရာဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ထားမှုသည် အထိုက်အလျောက် လက်ခံနိုင်ဖွယ်ရှိသော်လည်း လုပ်ငန်းပြီးသောအခါ လုပ်ငန်းခွင်သန့်ရှင်းရေး စခန်းသိမ်းမှု မသပ်ရပ်၍ ဤကော်မတီသို့ တင်ပြခဲ့ခြင်းသာဖြစ်ပါသည်။

သုံးသပ်ချက်

၉။       ကွင်းဆင်းဆောင်ရွက်စဉ် သက်ဆိုင်ရာဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံ တောင်သူများညှိနှိုင်းမှုပြေလည်ခဲ့ပြီး နဂိုမူလလျာထားစဉ်က မပါဝင်ခဲ့သောရေတံခါးကို ထပ်မံပြုလုပ်ပေးမည်ဟု သဘောတူညီမှုရရှိခဲ့ပါသည်။

အကြံပြုချက်

၁၀။     ယခုကဲ့သို့ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် လုပ်ငန်းခွင် ပိုစတာဆိုင်းဘုတ်များကို အများပြည်သူမြင်သာအောင် စိုက်ထူထားသင့်ပါသည်။ လုပ်ငန်းမစတင်မီ ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်သင့်ပြီး လုပ်ငန်းပြီးစီးပါက ဒေသခံများနှင့် ထပ်မံ တွေ့ဆုံကာ လုပ်ငန်းနှင့် ပတ်သက်ပြီး လိုအပ်ချက်များရှိပါက အကြံပြုပါရန် ဆွေးနွေးသင့်ပါသည်။

 

 

၁၁။     မကွေးတိုင်းဒေသကြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ ကွင်းဆင်းလေ့လာခဲ့သော မင်းတုန်း မြို့နယ်ရှိကျောက်နသိုးဆည်နှင့် ကစော့ရင်းဆည်တို့နှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ ဆွေးနွေးတင်သွင်းအပ်ပါ သည်။

 

ဥက္ကဋ္ဌ

ပြည်သူ့ငွေစာရင်းကော်မတီ

မကွေးတိုင်းဒေသကြီးလွှတ်တော်

စာအမှတ်၊

ရက်စွဲ၊ ၂၀၁၆ခုနှစ်၊ ဇွန်လ    ရက်