ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ဆက်လက်ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၉.၄.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက်(၆၃)ဦးတက်ရောက်၍ (၉၂.၆၅) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့် ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးက မေးမြန်းခဲ့ပြီး ဝန်ကြီး(၅)ဦးတို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း များကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အတိုင်း လွှတ်တော်ကအတည်ပြုပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့ အဆို တင်သွင်းခဲ့ရာ ဆောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်မြင့်က ယင်းအဆိုနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးခဲ့ ပြီးနောက် သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်အေးယုမော်က မကွေးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အတိုင်း အတည်ပြုပေးနိုင်ပါရန် ထောက်ခံခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို (၁.၄.၂၀၁၉) ရက်နေ့ လွှတ်တော်အစည်းအဝေး (ပထမနေ့)တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ယင်းငွေစာရင်းများနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို (၈.၄.၂၀၁၉)ရက်နေ့ အစည်းအဝေး (ဆဋ္ဌမနေ့)အစည်းအဝေးတွင် ကော်မတီဝင်(၁)ဦးမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်(၂)ဦးမှလည်း ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးမှလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာပါအတိုင်း လွှတ်တော်မှ အတည်ပြုပေးရန် လွှတ်တော်၏သဘောထားဆန္ဒရယူခဲ့ရာ ကန့်ကွက်သူလွှတ်တော်ကိုယ်စားလှယ်(၁)ဦးရှိပြီး ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသည့်အတွက် မကွေးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြု ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက မကွေးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့၏ ဆွေးနွေးချက်များကိုလည်း လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို
(၁၁၂၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် အဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။