ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို (၁.၇.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက် (၆၇)ဦးတက်ရောက်၍ (၉၈.၅၃)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၈)ဦးတို့က မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတမှပေးပို့လာသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အောက်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို အလုပ်သမားရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာအား တိုင်းဒေသကြီးလွွှတ်တော်ဥက္ကဋ္ဌက အဆိုပါ၀န်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုကြောင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၇ တို့နှင့်အညီ လွှတ်တော်သို့ဖတ်ကြားခဲ့ပြီး လွှတ်တော်၏ သဘောထား ဆန္ဒရယူခဲ့ရာ ကန့်ကွက်သူမရှိ သဘောတူသည့်အတွက် လွှတ်တော်က သဘောတူကြာင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတမှပေးပို့လာသော တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့အသီးသီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ နိုင်ငံတော်သမ္မတမှ
ပေးပို့လာသော ၀န်ကြီးဌာနတစ်ခုတိုးချဲ့ဖွဲ့စည်းလိုကြောင်းနှင့်စပ်လျဉ်း၍ ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၇ အရ လွှတ်တော်၏သဘောထား ဆန္ဒရယူ ခဲ့ရာ ကန့်ကွက်သူမရှိ သဘောတူသည့်အတွက် လွှတ်တော်က သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၃)ရက်၊
(ဗုဒ္ဓဟူးနေ့) (တတိယနေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ၀န်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို
(၁၁ဝ၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။