ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအပေါ်တွင် တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၃)ရက်
နိဒါန်း
၁။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့တွင် ကျင်းပသော မကွေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအားတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်များမှ တစ်ခုဖြစ်သော ဘဏ္ဍာရေး ဝန်ကြီးဌာနကတောင်းဆိုသော အသုံးစရိတ်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြပေးရန် တာဝန်ရှိသည်နှင့်အညီ လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ပြည်သူ့ငွေစာရင်းကော်မတီအား ဘဏ္ဍာရေး ဝန်ကြီးဌာနက တင်ပြတောင်းဆိုသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေစာရင်းကို အစီရင်ခံတင်ပြရန် တာဝန်ပေးအပ်ခဲ့ပါသည်။
ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်
၂။ မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ဖြည့်စွက်ခွင့်ပြုငွေနှင့်ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းကို စိစစ်လေ့လာရာတွင် မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာနအဖွဲ့အစည်း များသည် မူလခန့်မှန်းခြေအသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ စိစစ်သုံးစွဲခဲ့ပါ သော်လည်း အချို့ဌာန/အဖွဲ့အစည်းများမှာ မူလခန့်မှန်းခြေ အသုံးစရိတ်ဖြင့် လုံလောက်မှုမရှိခြင်း၊ အချို့ဌာန/အဖွဲ့အစည်းများသည် မဖြစ်မနေပေးဆောင်ရမည့် အသုံးစရိတ်များနှင့် အခြား အသုံးစရိတ်များ ထပ်မံလိုအပ်သောကြောင့် မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန/အဖွဲ့အစည်း(၂၂)ခုအနက် ဌာန/အဖွဲ့အစည်း(၁၃)ခုသည် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံထားကြောင်းတွေ့ရှိရပါသည်။ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံထားသော ဌာန/အဖွဲ့အစည်း များမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီးလွှတ်တော်၊စာရင်းရုံးများ၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့တို့ဖြစ်ပါသည်။
၃။ တရားရုံးများ၊ ဥပဒေရုံးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့သည် မူလခန့်မှန်းခြေအသုံးစရိတ်ဖြင့် လုံလောက်၍ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံထားခြင်းမပြုသည်ကို စိစစ်တွေ့ရှိရပါသည်။
၄။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ ပြုပြင်ပြီး ခန့်မှန်းခြေသာမန်အသုံးစရိတ်သည် မူလခန့်မှန်းခြေအသုံးစရိတ်ထက် ကျပ်သန်းပေါင်း(၁.၉၀၀)သန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကျပ်သန်း(၅.၈၅၉)သန်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ကျပ်သန်း(၉.၂၈၂)သန်း အသီးသီးလျော့နည်းသုံးစွဲခြင်းကြောင့် စုစုပေါင်းသာမန်အသုံးစရိတ် ကျပ်သန်း(၁၇.၀၄၁)သန်း လျော့နည်းသုံးစွဲပြီး တိုင်းဒေသကြီးလွှတ်တော် ပြုပြင်ပြီးခန့်မှန်းခြေငွေလုံးငွေရင်းအသုံးစရိတ်သည် မူလခန့်မှန်းခြေအသုံးစရိတ်ထက် ကျပ်သန်း(၅.၇၁၂)သန်း၊ မီးသတ်ဦးစီးဌာနသည် ကျပ်သန်း (၁.၇၁၀)သန်း၊ ငါးလုပ်ငန်းဦးစီးဌာနသည် ကျပ်သန်း(၀.၀၀၃)သန်း အသီးသီးလျော့နည်းသုံးစွဲခြင်း ကြောင့် စုစုပေါင်းငွေလုံးငွေရင်းအသုံးစရိတ် (၇.၄၂၅)သန်း လျော့နည်းသုံးစွဲခြင်းကြောင့် စုစုပေါင်း အသုံးစရိတ် ကျပ်သန်း(၂၄.၄၆၆)သန်း လျော့နည်းသည်ကို စိစစ်တွေ့ရှိရပါသည်။
၅။ မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံပမာဏများပြားသော အောက်ပါဗဟိုအဖွဲ့အစည်း၊ ဌာနများကို စိစစ်လေ့လာရာတွင် –
(က) တိုင်းဒေသကြီး ငွေလုံးငွေရင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံထားမှု ကျပ်သန်းပေါင်း
(၁၃၇၃.၆၆၈)မှာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းစီမံချက်တွင်ပါဝင်သော ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၅)ခုအတွက် ကျပ်သန်း(၁၃၁၃.၃၈၀)နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းရန် ကျပ်သန်း(၆၀.၂၈၈)ဖြစ်ကြောင်း တွေ့ရှိရပါသည်၊
( ခ ) လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေးလုပ်ငန်း ငွေလုံးငွေရင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံ ထားသော ကျပ်သန်းပေါင်း(၁၆၇၄.၂၅၅)မှာ မြို့နယ်(၁၇)မြို့နယ်တွင် လျာထား ထားသော 11 KV လိုင်းသွယ်တန်းခြင်း၊ 400 V လိုင်းများသွယ်တန်းခြင်း၊ ဓါတ်အားခွဲရုံများ တည်ဆောက်ခြင်းနှင့် ဓါတ်တိုင်များ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တောင်းခံထားကြောင်းတွေ့ရှိရပါသည်၊
( ဂ ) တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းဖြည့်စွက်ခွင့်းပြုငွေ တောင်းခံထားသော ကျပ်သန်းပေါင်း(၁၀၄၁.၀၂၀)မှာ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဖြည့်စွက်လုပ်ငန်းများနှင့် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
၆။ မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် သာမန်ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံ ပမာဏများပြားသော အောက်ပါဗဟိုအဖွဲ့အစည်း/ ဌာနများကိုစိစစ်လေ့လာရာတွင် –
(က) တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖြည့်စွက်ခွင့်ပြုရန်တောင်းခံထားသော ကျပ်သန်း (၂၁၁၀.၃၁၈)မှာ ပစ္စည်းများ၊ လုပ်အားနှင့် ဆောင်ရွက်ပေးမှုအတွက် ကုန်ကျစရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရတ်နှင့် အခြားစရိတ်များအတွက် ဖြစ်ကြောင်းတွေ့ရှိရပါသည်၊
( ခ ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြည့်စွက်ခွင့်ပြုရန်ငွေ တောင်းခံထားသော ကျပ်သန်း (၄၈၂.၄၁၅)မှာ ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ အပြည့် ဝန်ထမ်းများခန့်အပ်မည်ဖြစ်သောကြောင့် လစာငွေကျပ်သန်း(၂၉.၂၉၇)သန်း၊ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ ခံစားလျက်ရှိသည့် ဒေသစရိတ်နှုန်းထားများ ပြင်ဆင်သတ်မှတ် ခြင်းကြောင့် ထပ်မံလိုအပ်ငွေကျပ် (၅၄.၂၅၈)သန်းနှင့် သက်တမ်းကာလအပြည့် ကျေပွန်စွာထမ်းဆောင်ခဲ့သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအား (၁)ဦးလျှင် (၂၄၅၀၀၀)ကျပ်၊ (၁၆၂၈)ဦးအတွက် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေကျပ်(၃၉၈.၈၆၀)သန်းဖြင့် စုစုပေါင်းငွေကျပ် (၄၅၃.၁၁၈)သန်းအား ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံခြင်းဖြစ်ကြောင်း တွေ့ရှိရ ပါသည်။
( ဂ ) တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံထားသော ကျပ်သန်း(၃၇၀.၅၃၃)မှာ ပစ္စည်များ၊ လုပ်အားနှင့် ဆောင်ရွက်ပေးမှုအတွက် ကုန်ကျစရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် ဝန်ထမ်းအကျိုးခံစားခွင့်နှင့် လူမှုဖူလုံကြေး များအတွက်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
၂၀၁၆–၂၀၁၇ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း လျာထားချက်အပေါ် အကြံပြုချက်များ
၇။ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် အောက်ပါအတိုင်း အကြံပြုတင်ပြအပ်ပါသည် –
(က) ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် မကွေးတိုင်းဒေသကြီးအစိုးရ၏ ၂၀၁၆-၂၀၁၇
ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များဖြစ်သော ပြည်သူတို့၏ လိုအပ်ချက် နှင့်အညီ ပြည်သူဗဟိုပြုဖွံ့ဖြိုးမှု(People Centre Development) ရရှိစေရန် စီးပွားရေးမူဝါဒ (၄)ရပ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးနှင့် ကဏ္ဍစုံ၊ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျ မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ စာရင်းဇယားကိန်းဂဏန်းများ တိကျမှန်ကန်ရေး၊ ဆင်းရဲ ချမ်းသာ ကွာဟမှု လျော့နည်းကျဆင်းရေး၊ ပြည်သူတို့၏ လူနေမှုဘဝ မြင့်မားတိုးတက်ရေး၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်ရေးစသည့် မကွေးတိုင်းဒေသကြီး အစိုးရ၏ မူဝါဒများနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။
( ခ ) စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ရာတွင် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်မှ
မြေပြင်တွင် အမှန်တကယ်လိုအပ်သည့် စီမံကိန်းမျိုးဖြစ်ရန် လိုအပ်ပါသည်။
( ဂ ) စီမံကိန်းများကို အဆင့်ဆင့်ရေးဆွဲရာတွင် ပြည့်စုံကောင်းမွန်သော စီမံကိန်းများ
ရေးဆွဲနိုင်ရန် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးဆွဲရန် လိုအပ်ပါသည်။
(ဃ) စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေအား
အလေအလွင့်မရှိအောင် တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ယူကြပ်မတ်ဆောင်ရွက် သွားကြရန် လိုအပ်ပါသည်။
( င ) ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေ
တောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း လျာထားချက်အပေါ် ကောင်းမွန်ပြည့်စုံစွာ စိစစ်လေ့လာနိုင်ရန်အတွက် သင့်တင့်သော အချိန်အတိုင်းအတာ ရရှိရန်လိုအပ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ပြည်သူ့ငွေစာရင်းကော်မတီ၏ သဘောထားမှတ်ချက်
၈။ မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင်များသည် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း တင်သွင်းမှုအပေါ် ကော်မတီ၏ သဘောထားမှတ်ချက်များကို အောက်ပါအတိုင်းတင်ပြအပ်ပါသည်-
(က) ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး
ခန့်မှန်းခြေငွေစာရင်းကို လေ့လာရာတွင် ဖြည့်စွက်ခွင့်ပြုငွေသည် မူလခန့်မှန်းခြေ၏ (၅)ရာခိုင်နှုန်းဝန်းကျင်ခန့်သာရှိပါ၍ မူအားဖြင့်သဘောတူပါသည်။
( ခ ) အပူပိုင်းဒေသစိမ်းလမ်းစိုပြည်ရေးဦးစီးဌာန၏ ဖြည့်စွက်ခွင့်ပြုငွေ အမှန်မှာ (၃၇.၈) သန်းအစား (၆၉.၈)သန်း ဖြစ်ပေါ်မှားယွင်းနေသဖြင့် ပြန်လည်စစ်ဆေးပြုပြင်ပြီးမှ သာ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအား တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးသင့်ပါသည်။
၉။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးလွှတ်တော်တွင် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့တင်သွင်းအပ်ပါသည်။
ဥက္ကဋ္ဌ
ပြည်သူ့ငွေစာရင်းကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်
မကွေးမြို့