
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး တတိယနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို (၃.၇.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက် (၆၇)ဦးတက်ရောက်၍ (၉၈.၅၃)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇) ဦးတို့က မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီမှ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဆောမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးထင်လင်းနှင့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီမှ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးကျော် တို့က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦးမှ ဆွေးနွေးရန် အမည်စာရင်းတင်သွင်း ထားသော်လည်း ဆွေးနွေးရန် တင်ပြချက်အကြောင်းအရာများသည် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၆(က)အရ ညီညွတ်မှုမရှိသဖြင့် ဆွေးနွေးခွင့်မပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဥပဒေကြမ်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးဇော်မင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေကြမ်း တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက်ရယူပြီး၊ အဆိုပါဥပဒေကြမ်း ကို လွှတ်တော်တွင်အတည်ပြုပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက အဆိုတင်သွင်းကာ ဆင်ပေါင်ဝဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က လွှတ်တော်တွင် အတည်ပြုပေးရန် ထောက်ခံဆွေးနွေး ခဲ့ပြီး လွှတ်တော်၏သဘောထား ဆန္ဒရယူခဲ့ရာ ကန့်ကွက်သူမရှိ သဘောတူသည့်အတွက် လွှတ်တော်က သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းနှင့်စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာနှင့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို
(၁၁၂၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။