ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၄.၇.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၇.၀၆)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅) ဦးတို့က မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၂)ဦးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင့်လွင်က တည်ဆောက်ရေးလုပ်ငန်းများ၏ အရည်အသွေးကို ထိန်းကျောင်းစစ်ဆေးရန် Third Party (QC) စနစ်အသုံးပြုရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးတို့မှ အတည်ပြုပေးနိုင်ပါရန်ထောက်ခံဆွေးနွေးခဲ့ကြပြီး၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁)ဦးမှ မှတ်တမ်းအဖြစ်ထားရှိရန်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက မှတ်တမ်းအဖြစ်သာထားရှိရန် အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုရှင်၏ သဘောထားရယူခဲ့ရာ အဆိုရှင်မှ ယင်းအဆိုအား မှတ်တမ်းအဖြစ်သာထားရှိရန် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်က မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဆိုပြုလာသည့် အမည်စာရင်းအား လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး အစည်းစာရင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေးကို (၁၅)မိနစ်ခန့် ရပ်နားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
ထို့နောက် အစည်းအဝေးကို ပြန်လည်စတင်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးနိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဆိုပြုလာသည့် အမည်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁(က)ပါ သတ်မှတ်အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားပြ၍ ဆွေးနွေးရန်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ရာ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များမရှိပါသဖြင့် လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုသည့်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဆိုပြုလာသည့် ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်အား လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်းနှင့် မကွေးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၃ အရ မကွေးတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုဆုံးဖြတ်ချက်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို
(၁၂း၂၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ (သောကြာနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။