
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၅.၇.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့် အနက် (၆၇)ဦးတက်ရောက်၍(၉၈.၅၃)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးတို့က မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်ဝင်းက သဘာဝပတ်ဝန်းကျင် ပြန်လည်စိမ်းလန်းစိုပြည်၍ အဖိုးတန်သစ်များ ပေါက်ရောက်မှုရေရှည်တည်တံ့ခိုင်မြဲရန်နှင့် ဖမ်းဆီးရမိသောသစ်များ အမြန်ပြန်လည်၍ ရောင်းချပေးရန် အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ/မတူ လွှတ်တော်၏သဘောထားဆန္ဒရယူခဲ့ရာ သဘောတူသည့်အတွက် လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာပါသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၉) ရက် (အင်္ဂါနေ့) (သတ္တမ)နေ့ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အကြောင်းအရာများကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၈)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို
(၁၁၁၅)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ (တနင်္လာနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။