
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၈.၇.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက် ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၇.၀၆) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးတို့က မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတမှပေးပို့လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးဌာန၊ ဝန်ကြီး ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ ဖတ်ကြားခဲ့ပြီး လွှတ်တော်၏ အတည်ပြု ချက်ရယူခဲ့ရာ လွှတ်တော်က အတည်ပြုသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်းနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန၊ ဝန်ကြီးပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ်၊မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၃ အရ မကွေးတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတမှပေးပို့လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ ဖတ်ကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသည့် ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မှ ကတိသစ္စာပြုပြီးနောက် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို
(၁၁၃၀)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် သတ္တမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။