
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး နဝမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို (၁၁.၇.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၉)ဦးတို့က မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးနှင့်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးစိန်ထွန်း တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၂ အရ သရက်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဇော်မိုးအောင် မေးမြန်းသည့်မေးခွန်းသည် အများပြည်သူတို့အတွက် အရေးကြီးသောကိစ္စဖြစ်သည် ဟုယူဆပြီး လွှတ်တော်ကိုယ်စားလှယ်များမှလည်း ဆွေးနွေးရန်တင်ပြထားသဖြင့် (၁၂.၇.၂၀၁၉)ရက်နေ့ လွှတ်တော်အစည်းအဝေး (ဒသမနေ့) မေးခွန်းများ မေးမြန်းဖြေကြားခြင်း အစီအစဉ် ပြီးဆုံးချိန်တွင် လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးရန် အစီအစဉ်ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊မကွေးတိုင်းဒေသကြီးတရားသူကြီးချုပ် မှလည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းရန်အတွက် အစည်းအဝေးတက်ရောက်ပေးနိုင်ပါရန် ဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး (၁၀.၇.၂၀၁၉)ရက်နေ့ လွှတ်တော်အစည်းအဝေး (အဋ္ဌမနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Infra Capital Myanmar တို့ပူးပေါင်း၍ လေအား လျှပ်စစ်စီမံကိန်း ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ယခု ဆောင်ရွက်မည့်လေအားလျှပ်စစ် စီမံကိန်းမှာ မဂ္ဂါဝပ်ပမာဏ(၂၆၃) မဂ္ဂါဝပ်ရရှိမှာဖြစ်ကြောင်း၊ ယခုအခါ ရာသီဥတုဖောက်ပြန်မှုကြောင့် မကွေးတိုင်း ဒေသကြီးမှ ထွက်ရှိသည့် မုန်းတမံ၊ ကြီးအုံကြီးဝတမံတို့မှ ရေအားလျှပ်စစ်သည် အားလျော့လာနေပါကြောင်း၊ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့များမှာ အကန့်အသတ်နဲ့သာ ထုတ်လုပ်နိုင်ပြီး ကုန်သင့်သည့်အချိန်တွင် ကုန်ခမ်းသွားမှာဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးများတွင် နေစွမ်းအင်နှင့် လေစွမ်းအင်များကို မှီခိုအားထားနေကြသည်မှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း သိရှိပါကြောင်း၊ လေအားလျှပ်စစ်စီမံကိန်းမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသဖြင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး၊ နိုင်ငံ့အတွက် လျှပ်စစ်လိုအပ်ချက်ကို အဓိကထားကြိုးစားဆောင်ရွက်ခြင်းဖြစ်ပါကြောင်းဖြင့် ရှင်းလင်းခဲ့ပါသည်။
ထို့နောက် လွှတ်တော်၏ သဘောထားအတည်ပြုချက်ရယူခဲ့ရာ လွှတ်တော်က သဘောတူ အတည်ပြုသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Infra Capital Myanmar တို့ပူးပေါင်း၍ လေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်မည့်ကိစ္စနှင့်စပ်လျဉ်း၍ အစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ပြီး၊ အတည်ပြုကြောင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို
(၁၁ဝဝ)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဒသမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ (သောကြာနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။