ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ဒသမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ကို (၁၂.၇.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦးတက်ရောက်၍ (၉၁.၁၈) ရာခိုင်နှုန်းရှိသဖြင့်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆)ဦးတို့က မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၂)ဦးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး (၁၁.၇.၂၀၁၉)ရက်နေ့ (နဝမနေ့) လွှတ်တော်အစည်းအဝေးတွင် သရက်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင် မေးမြန်းခဲ့သော မကွေးတိုင်းဒေသကြီးအတွင်း စေ့စပ်ဖြေရှင်းရေးစနစ် ဆင်းရဲနွမ်းပါးသောပြည်သူများ ရာဇဝတ်မှုအဖြစ် စွပ်စွဲခံရသောအခါ အမျိုးသမီး ကလေးသူငယ်များ နစ်နာမှုဖြစ်စေသည့်အခါ ဥပဒေရေးရာ အကူအညီပေးနိုင်ရန်အတွက် အထောက်အကူပြုရေး အဖွဲ့များ ဖွဲ့စည်းထားရှိမှု ရှိ/မရှိ သိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်းကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၃)ဦးတို့က အကြံပြုဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီ ပြင်ဆင်ဖွဲ့စည်းသည့် အမည်စာရင်းအား လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ဖတ်ကြားခဲ့ပြီး လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့ရာ လွှတ်တော်က သဘောတူအတည်ပြုသည့်အတွက် ပြင်ဆင်ဖွဲ့စည်းသည့်ကော်မတီ၏ အမည်စာရင်းကို လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဒသမနေ့ အစည်းအဝေးကို (၁၁၄၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။