ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၂၄.၉.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၁)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသက်နိုင် (ကိုယ်စား) မြိုင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဝင်းဋ္ဌေးက မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဖွဲ့စည်းထားသော ရေးရာကော်မတီ အသီးသီး၏ ဒေသတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများအပေါ် ကော်မတီ များ၏ လေ့လာတွေ့ရှိချက်၊ အကြံပြုသုံးသပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုထက် ပိုမိုအလေးထား ဂရုတစိုက် ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ/မတူ လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသည့်အတွက် လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက် (အင်္ဂါနေ့) (ဆဋ္ဌမနေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁၁၅)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။