ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၃၀.၉.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးတာ၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၅)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့က ပြန်လည်ဖြေကြား ခဲ့ပါသည်။
ဆက်လက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အဖွဲ့၀င်၊ အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
ဦးအေးကျော်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့က အကြံပြုဆွေးနွေးခဲ့ပါသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာဝန်ကြီး ဦးဇော်မင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက် ရယူခဲ့ပြီးနောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် အတည်ပြုပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီးက အဆိုတင်သွင်းခဲ့ပြီး စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က ထောက်ခံဆွေးနွေးခဲ့ပါသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြုပေးရန် လွှတ်တော်၏ သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က သဘောတူသည့်အတွက် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့၏ ဆွေးနွေးချက်များအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို
(၁၁၃၀)နာရီအချိန်တွင် ခေတ္တရပ်နားကြောင်းနှင့် အစည်းအဝေးကို နေ့လယ်(၁၅၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
လွှတ်တော်အစည်းအဝေးကို နေ့လယ်(၁၅၀၀)နာရီအချိန် ပြန်လည်စတင်ခဲ့ရာ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ မူလခန့်မှန်းခြေစာရင်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး၊ မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးလှိုင်ဦးနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ (တိုင်းဒေသကြီးလွှတ်တော်ဒုတိယဉက္ကဋ္ဌ)၊ မြို့သစ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မျိုးဝင်းတို့က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ မူလခန့်မှန်းခြေစာရင်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာဝန်ကြီး ဦးဇော်မင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းဥပဒေကြမ်းများကို လွှတ်တော်တွင် အတည်ပြုပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက အဆိုတင်သွင်းခဲ့ပြီး ဆင်ပေါင်ဝဲမြို့နယ်မဲဆန္ဒနယ်အမှတ်
(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ထောက်ခံခဲ့ပါသည်။
၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ မူလခန့်မှန်းခြေစာရင်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့၏ ကတိကဝတ်များအရ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုချန်လှပ်ပြီး ပြည်သူ့ငွေစာရင်းကော်မတီနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီတို့၏ လေ့လာ တွေ့ရှိချက်၊ အကြံပြုချက် အစီရင်ခံစာများအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို
(၁၅၄၂)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ (အင်္ဂါနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။