ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁.၁၀.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးတာ၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၈)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသက်နိုင် (ကိုယ်စား) မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝင်းဋ္ဌေးက မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဖွဲ့စည်းထားသော ရေးရာကော်မတီ အသီးသီး၏ ဒေသတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများအပေါ် ကော်မတီ များ၏ လေ့လာတွေ့ရှိချက်၊ အကြံပြုသုံးသပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုထက် ပိုမိုအလေးထား ဂရုတစိုက် ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့မှ အတည်ပြုပေးနိုင်ပါရန် ထောက်ခံဆွေးနွေးခဲ့ကြပြီး၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက အဆိုအား မှတ်တမ်းအဖြစ်သာထားရှိရန် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုရှင်၏ သဘောထားရယူခဲ့ရာ အဆိုရှင်မှ အတည်ပြုပေးပါရန် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်၏ သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က အတည်ပြုပေးရန် သဘောတူကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်ဆောင်ရွက် နိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို(၁၁၂၆)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် သတ္တမနေ့
အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။