ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၏အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများနိဒါန်း
၁။ မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌမှ တဆင့် လွှတ်တော်သို့တင်သွင်းအစီရင်ခံအပ်ပါသည်။
၂။ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့်တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီကို ၂၀၁၆ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကအတည်ပြု တာဝန်ပေးအပ်ခဲ့ပါသည်။ ကော်မတီဖွဲ့စည်းပြီးမှစ၍ ယနေ့အချိန်အထိ ကော်မတီအစည်းအဝေး (၂)ကြိမ်၊ ကွင်းဆင်းကြားနာမှု(၆)ကြိမ်၊ လွှတ်တော်သို့ ဆင့်ခေါ်ကြားနာမှု(၂)ကြိမ် ဆောင်ရွက်ခဲ့ ပါသည်။ ကော်မတီအနေဖြင့် ကွင်းဆင်းကြားနားမှုများကို စလင်းမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ငဖဲမြို့နယ်များသို့သွားရောက် ကြားနာမှုများပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးများ၊ ကွင်းဆင်း ကြားနာမှုများ၊ လွှတ်တော်သို့ ဖိတ်ခေါ်ကြားနာမှုများနှင့်ပတ်သက်၍ အစည်းအဝေးဆုံးဖြတ်ချက် များနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ကွင်းဆင်းကြားနာမှုများ၊ လွှတ်တော်သို့ဖိတ်ခေါ်ကြားနာမှုများအရ ကော်မတီ၏တွေ့ရှိချက်၊ သုံးသပ်ချက်
၃။ လွှတ်တော်ဥက္ကဋ္ဌနှင့်တကွ တာဝန်ရှိသူအဆင့်အဆင့်ဖတ်ရှုပြီး လက်ခံရရှိသော တိုင်ကြား စာအရေအတွက်မှာ ယနေ့အချိန်အထိ(၁၇၂)စောင် ရောက်ရှိပါသည်။
၄။ တိုင်ကြားသူများ၊ တိုင်ကြားစာများနှင့်ဆက်စပ်၍ ပတ်သက်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်တွေ့ဆုံကြားနာမှုများ ပြုလုပ်ခဲ့ရာတွင် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှု ရှိသည်ကိုတွေ့ရှိရပါသည်။ သို့သော်လည်း အပြီးသတ်ဖြေရှင်းဆောင်ရွက် နိုင်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာထိတွေ့ခဲ့သော ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အားရဖွယ် မတွေ့ရပါ။
၅။ ကော်မတီသို့ရောက်ရှိလာသည့် တိုင်ကြားစာများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် မြေယာပြဿနာများဖြစ်သောကြောင့် အငြင်းပွားမှုများ၏ အခြေအနေကို ပဏာမကြားနာမှုပြုလုပ်ခြင်း၊ ဖြေရှင်းရန်တာဝန်ရှိသော ဌာနဆိုင်ရာများသို့ တိုက်တွန်းခြင်းများမှအပ တိုင်ကြားစာတစ်စောင်ချင်းအလိုက် ကော်မတီ၏သုံးသပ်ချက် ထုတ်ပြန်နိုင်သော အခြေအနေမရှိပါ။
၆။ တိုင်စာများကို သက်ဆိုင်ရာမြို့နယ်မှ သက်ဆိုင်ရာဌာနများ၏ တာဝန်ပိုင်းအရ ဖြေရှင်းဆောင်ရွက်နိုင်ရ တိုက်တွန်းနိုင်ခဲ့ပြီး ဦးစားပေးဖြေရှင်းရေးအဆင့်သို့ ရောက်ရှိစေ အောင်ဆောင်ရွက် နိုင်ခဲ့ခြင်းရှိပါသည်။
၇။ ကွင်းဆင်းကြားနာပွဲများပြုလုပ်ခြင်းဖြင့် တိုင်ကြားသူများ၏ ပြဿနာများကို လွှတ်တော် ဘက်မှ အလေးထားဆောင်ရွက်လျက်ရှိကြောင်းနှင့် လွှတ်တော်၏တာဝန်ဖြစ်သော အစိုးရအား ဥပဒေနှင့်အညီ ထိန်းကျောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်အတွေ့ကြုံရရှိစေကာ လွှတ်တော်သည် ပြည်သူများနှင့်နီးနီးကပ်ကပ်ရှိကြောင်း၊ ပြည်သူများ၏ပြဿနာများကို ဖြေရှင်းရန် ကြိုးစားလျက် ရှိကြောင်း၊ ပြည်သူများ၏ဒုက္ခများကို အကာ အကွယ်ပေးရန် အဆင်သင့်ရှိကြောင်း ပြသနိုင်သည်ကို လက်တွေ့ကြည့်ရှုခွင့်ရခဲ့ပါသည်။
၈။ တိုင်ကြားသူပြည်သူများအား လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဝေဖန်ခွင့်၊ မိမိအခွင့်အရေးကို ကာကွယ်ခွင့်ဆိုင်ရာ ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို စနစ်တကျ အသုံးပြုနိုင်စေရန် ပညာပေးဆွေးနွေးနိုင်ခဲ့ပါသည်။ ထိုအတိုင်းပင် ဆက်လက်ဆောင်ရွက် သွားမည်လည်း ဖြစ်ပါသည်။
(၂)လတာကာလအတွင်း ကော်မတီ၏အခက်အခဲများ
၉။ ကော်မတီ၏အဓိကအခက်အခဲမှာ တိုင်ကြားစာများတွင်ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့သော မြေသိမ်း၊ ယာသိမ်းကိစ္စရပ်များအပါအဝင် မြေယာမှုခင်းများသည် တိုင်ကြားစာများ၏ ၉၀ ရာခိုင်နှုန်းကျော် ဖြစ်လျှက်ရှိခြင်းကြောင့် တိုင်ကြားမှုများအပေါ် အပြီးသတ်ဆုံးဖြတ်နိုင်စေရန် အတွက် သုံးသပ်ချက်ပေးရန် အခက်အခဲဖြစ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ထိုအခက်အခဲကို ကျော်လွှားနိုင်ရန်နှင့် တိုင်ကြားသူများ၏ မြေယာပြဿနာများအား စေတနာထား၍ ကြိုးပမ်း ဆောင်ရွက်သွားရန်လည်းပြင်ဆင်သွားမည်ဖြစ်ပါသည်။ တိုင်ကြားစာများနှင့်ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်ရာတွင် ကော်မတီမှ တိုင်ကြားစာအမျိုးအစားများခွဲကာ စိစစ်ဆောင်ရွက်သွားမည်ဖြစ်၍ မူချမှတ်ဆောင်ရွက် တော့မည်ဖြစ်ပါသည်။ ဥပမာ- ခေတ်အဆက်ဆက်လယ်ယာမြေများ သိမ်းဆည်းခံခဲ့ရသောတိုင်ကြားသူများ၏ တိုင်ကြားစာများအား ပေါ်ပေါက်လာမည့်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင် (တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး) အဆင့်ဆင့်သို့မှတ်ချက်ပြု၍ အမြန်ဖြေရှင်း သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကော်မတီ၏အကြံပြုချက်များ
၁၀။ ကော်မတီမှတိုင်ကြားစာများနှင့်ပတ်သက်၍ တွေ့ရှိချက်၊ သုံးသပ်ချက်များကို သက်ဆိုင်ရာ ဌာနများ၊ ပတ်သက်ဆက်နွယ်မှုများ၊ တိုင်ကြားသူများထံ ပြန်လည်ပေးပို့ ဖြေရှင်းသွားနိုင်ရေး အတွက် လွှတ်တော်ဥက္ကဋ္ဌသို့ တိုင်ကြားစာတစ်စောင်ချင်းအလိုက် သုံးသပ်ချက်အစီရင်ခံစာ ရေးသားပေးပို့၍ လွှတ်တော်ဥက္ကဋ္ဌ၏မှတ်ချက်နှင့်တကွ သက်ဆိုင်သူများနှင့် တာဝန်ယူဖြေရှင်း နိုင်မည့် ဌာနများသို့ဆက်လက်ပေးပို့သွားစေလိုပါသည်ဟု လွှတ်တော်၏ဂုဏ်သိက္ခာကို တန်ဖိုးထားသောအားဖြင့် အကြံပြုလိုပါသည်။
၁၁။ တိုင်ကြားစာအမျိုးအစားများနှင့် ပြဿနာများ၏ အတိမ်အနက်အပေါ်မူတည်၍ ဤ ကော်မတီနှင့် လုပ်ငန်းသဘာဝခြင်းတူသော ပြည်ထောင်စုအဆင့်ကော်မတီများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပြဿနာတစ်ခုခြင်းအလိုက် လွှတ်တော်ဥက္ကဋ္ဌထံတင်ပြကာ လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်နှင့် ပြည်ထောင်စုအဆင့်ကော်မတီများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ပြုစေ လိုပါသည်။ ( မှတ်ချက်။ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌသည် MPU အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ MPU၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ဆောင်ရွက်၍ရနိုင်သည်ဟု နားလည်ပါသည်။)
၁၂။ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့သည် လွှတ်တော်နားချိန်များတွင် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ပုံမှန်ရုံးထိုင်မှု ပြုလုပ်မည်ဖြစ်ပြီး တိုင်ကြားစာများနှင့် ပတ်သက်၍ ရုံးလုပ်ငန်းဆောင်ရွက်နိုင်ရန် ဝန်ထမ်း(၂)ဦးအား ၎င်းတို့၏ လွှတ်တော်မူလတာဝန်အပြင် ပူးတွဲကူညီ ဆောင်ရွက်ပေးနိုင်ရေးလွှတ်တော်ဥက္ကဋ္ဌမှ စီစဉ်ဆောင်ရွက် ပေးစေလိုပါသည်။
၁၃။ ကော်မတီ၏ ပုံမှန်အစည်းအဝေးများသို့ ကော်မတီ၏ဖိတ်ကြားမှုဖြင့် လွှတ်တော် ဥက္ကဋ္ဌ ကိုယ်တိုင်အခါအားလျော်စွာတက်ရောက်၍ လုပ်ငန်းညှိနှိုင်းပေးမှု၊ ညွှန်ကြားမှုများ ပြုလုပ်ပေးပါရန် အကြံပြုလိုပါသည်။
ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ
၁၄။ မကွေးတိုင်းဒေသကြီးလွှတ်တော်၏ လုပ်ငန်းများ လည်ပတ်မှုအားကောင်းစေရေး ကော်မတီသို့ ပေးအပ်သောတာဝန်များအား စနစ်တကျအချိန်နှင့်တပြေးညီ တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ရေးကို ဦးတည်လျက် ကော်မတီ၏ တစ်နှစ်တာလုပ်ငန်းများကို လအလိုက် အစီအစဉ်ရေးဆွဲကာ ကော်မတီ၏တာဝန်များ ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၁၅။ အမျိုးသားလွှတ်တော်၏ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီက ချမှတ်ထားသော ကော်မတီအနေဖြင့် ဆောင်ရွက်ခြင်းမပြုသည့် တိုင်ကြားစာအမျိုးအစား (၁၁)မျိုးတွင် ပါဝင်သော အချက်များမှ (က)(ခ)(ဂ) (စ)(ဈ)(ည)တို့တွင် ဖော်ပြထားသော အချက်များအား ပြုပြင်ကာ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ ရောက်ရှိလာသော တိုင်ကြားစာများအပေါ်စိစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့စိစစ်ဆောင်ရွက် သွားလိုခြင်းမှာ ဥပဒေပြုမဏ္ဍိုင်၏ တာဝန်ကိုဆောင်ရွက်ရာတွင် အခြားသော မဏ္ဍိုင်များ အား စွက်ဖက်မှု၊ ပွတ်တိုက်မှုများကို ရှောင်ရှားလိုခြင်းနှင့်အတူ ပြဿနာများကို ဖြေရှင်း ရာတွင် သမာသမတ်ရှိမှု ဂုဏ်သိက္ခာကို မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ရရှိစေလိုခြင်းကြောင့်ဖြစ်ပါသည်။ ကော်မတီအနေဖြင့် အရေးယူ ဆောင်ရွက်ခြင်းမပြုသည့် တိုင်ကြားစာအမျိုးအစား(၁၁)ချက်အား ပူးတွဲတင်ပြအပ်ပါသည်။
၁၆။ ကော်မတီ၏အစည်းအဝေးများကို (၁၅)ရက်လျှင်တစ်ကြိမ် (ရုံးပိတ်ရက်များမှအပ) ပုံမှန်ကျင်းပသွားမည်ဖြစ်ပါသည်။ ထို့အတူ လွှတ်တော်ဥက္ကဋ္ဌ၏ သီးခြားတာဝန် ပေးအပ်မှုများ ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နိဂုံးချုပ်
၁၇။ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ ပြည်သူတို့၏တိုင်ကြားစာနှင့်ပတ်သက်၍ ကော်မတီ အနေဖြင့် လွှတ်တော်၏ မူလတာဝန်များဖြစ်သော ဥပဒေပြုခြင်း၊ အစိုးရအား စောင့်ကြည့်လေ့လာ ထိန်းညှိခြင်း၊ ပြည်သူကိုကိုယ်စားပြုခြင်းစသည့် အခြေခံ(၃)ချက် အပေါ်တွင် တစ်စိုက်မတ်မတ် ရပ်တည်ကာ တိုင်ကြားသည့်ပြဿနာအရပ်ရပ်အား လွှတ်တော်စဉ်းစားနည်းအတိုင်းစဉ်းစား၍ ကော်မတီသို့ ပေးအပ်ထားသောတာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ကော်မတီအနေဖြင့် တရားဥပဒေစိုးမိုးမှုရှိရေးမှသည် ပြည်သူတို့၏ဘဝ လွတ်လပ် လုံခြုံမှုရှိလာစေရေးတို့အတွက် ဦးတည်ကာ ကော်မတီ၏လုပ်ငန်းစဉ်မှန်သမျှကို တရားမျှတစွာ ဆောင်ရွက်လုပ်ကိုင်သွားမည် ဖြစ်ပါသည်။
ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်ခြင်းမပြုသည့် တိုင်ကြားစာအမျိုးအစားများ
၁၈။ ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်ခြင်းမပြုသည့် တိုင်ကြားစာအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
(က) တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံလိပ်မူပေးပို့ပြီး လွှတ်တော် ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌသို့ မိတ္တူပေးပို့ထားသည့် တိုင်ကြားစာများ၊ အသနားခံစာများကို ဆောင်ရွက်ဖြေရှင်းခြင်းပြုမှာမဟုတ်ပါ။
( ခ ) ဝန်ကြီးချုပ်နှင့် ဝန်ကြီးဌာနများသို့ တစ်ပြိုင်နက်တည်း လိပ်မူပေးပို့သော စာများအား ဆောင်ရွက်ဖြေရှင်းခြင်းပြုမှာမဟုတ်ပါ။
( ဂ ) တရားရုံးတွင် ရင်ဆိုင်နေကြ အမှုမပြီးပြတ်သေးသော တိုင်ကြားစာများ၊ အသနား ခံစာများနှင့်ပတ်သက်၍ တရားရုံးတွင် ရင်ဆိုင်နေဆဲကာလနှင့် စွက်ဖက်မှုမရှိစေ ရေးအတွက် ပြန်လည်ဖြေရှင်းသွားမည်မဟုတ်ပါ။
မှတ်ချက်။ ။ တရားရုံးမှ စီရင်ချက်ချပြီးဥပဒေနှင့် ညီညွတ်မှုမရှိသော စီရင်ချက်များနှင့်ပတ်သက်၍ နစ်နာသူများမှ တိုင်ကြားလာမှုများကို ကော်မတီမှ ကိုယ်တွယ်ဖြေရှင်းကူညီသွားမည်ဖြစ်ပါသည်။
(ဃ) ကာယကံရှင်က ဥပဒေနှင့်အညီ ကိုယ်တိုင်တရားစွဲဆိုရမည့် ကိုယ်တိုင်ဆောင်ရွက် ရမည့် တိုင်ကြားစာများ အသနားခံစာများကိုဆောင်ရွက်ဖြေရှင်းသွားမည်မဟုတ်ပါ။
( င ) တိုင်ကြားစာ၊ အသနားခံစာတို့တွင် တိကျခိုင်မာသော အချက်အလက်များ မပါရှိခြင်း၊ မရေမရာမသေချာသော ရေးသားထားသည့် စာများဖြစ်ခြင်းများပါဝင်ပါက ဖြေရှင်း ဆောင်ရွက်သွားမည်မဟုတ်ပါ။
( စ ) တိုင်ကြားသူတို့၏စာများသည်စိတ်မနှံ့သူကဲ့သို့တောင်စဉ်ရေမရ ရေးသားထားသော စာများဖြစ်ပါက ဖြေရှင်းဆောင်ရွက်သွားမည်မဟုတ်ပါ။
(ဆ) ပုဂ္ဂိုလ်ရေးတင်ပြစာများအားလည်းဖြေရှင်းဆောင်ရွက်သွားမည်မဟုတ်ပါ။
( ဇ) ပစ်စာများ (တိုင်ကြားသူလက်မှတ်မပါ၊ အမည်၊ မှတ်ပုံတင်၊ လိပ်စာမပါသော စာများ)အား ဖြေရှင်းပေးမည်မဟုတ်ပါ။
( စျ) တိုင်ကြားစာ၊ အသနားခံစာမဟုတ်သော အကြံပြုစာများကိုလည်း ဖြေရှင်းသွားမည် မဟုတ်ပါ။
မှတ်ချက်။ ။ ကော်မတီသို့ပေးအပ်ထားသောတာဝန်များ အပိုဒ်(စ)အတွက် အကြံပြုစာများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်။
(ည) လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများနှင့် ပတ်သက်သော တိုင်ကြားစာ၊အသနားခံစာများ( ဤကော်မတီက ကိုင်တွယ်ခြင်းမပြုဘဲ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအဆင့်များနှင့် လိုအပ်ပါက ပြည်ထောင်စုအဆင့်ကော်မရှင်သို့ မှတ်ချက်နှင့်တကွ လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။)
( ဋ) ပွဲစားသဏ္ဍာန်ကြားပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခုကတစ်ဆင့်ခံ၍ တိုင်ကြား ပေးသည်ဟု ယူဆသောစာများကို ဖြေရှင်းသွားမည်မဟုတ်ပါ။
(၁၈.၆.၂၀၁၆ရက်နေ့တွင်ကျင်းပသော ကော်မတီအစည်းအဝေးသဘောတူညီချက်အရ)
ဥက္ကဋ္ဌ
တရားစီရင်ရေး၊ ဥပဒေရေးရာနှင့်တိုင်ကြားစာများ
အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်