ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို (၄.၁၀.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦး တက်ရောက်၍ (၉၅.၅၉) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၇)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးမြေယာခွန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မျိုးဝင်းက လွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်၊ (တနင်္လာနေ့)(ဒသမနေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အကြောင်းအရာကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို
(၁၁၁၅)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဒသမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့ (တနင်္လာနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံသစ်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။