
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို (၇.၁၀.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦး တက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၃)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၂)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးမြေယာခွန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မိုးအောင်မှ ဆွေးနွေးအကြံပြု ခဲ့ပြီး၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဋ္ဌေး (ကိုယ်စား) လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်၏ ကန့်ကွက်ကြောင်း အကြံပြုဆွေးနွေး ချက်အား မှတ်တမ်းအဖြစ်သာ ထားရှိရန် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီပါ စကားရပ်အလိုက် တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မျိုးဝင်းက လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့ပြီး မကွေးတိုင်းဒေသကြီးမြေယာခွန်ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြုပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမြင့်အောင်က လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ရာ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ထောက်ခံခဲ့ပြီး မကေွးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် အတည်ပြုကြောင်းလွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဒသမနေ့ အစည်းအဝေးကို (၁၁၂၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။