ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို (၂.၁.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ
ဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်
ဦးဆန်းလင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါသည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့မှ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားများပြောကြားခဲ့ပြီး ဝန်ကြီးချုပ်၏ နှစ်သစ်ကူးအမှာစကားအား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၆)ဦး တက်ရောက်၍ (၉၇.၀၆)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၀)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို တိုင်းဒေသကြီးဥပဒေချုပ်မှ လွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍
ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၈ ) ရက်နေ့ (ဗုဒ္ဓဟူးနေ့)
လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၇ ) ရက်နေ့ (အင်္ဂါနေ့) ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံသို့
အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို
(၁၁း၃၆)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ (သောကြာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။