
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၃.၁.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
လွှတ်တော်အစည်းအဝေးသို့ မကွေးမြို့ ‘‘နေခြည်’’ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၈၅)ဦးတို့သည် လွှတ်တော် အစည်းအဝေး ကျင်းပမှုကို လေ့လာကြည့်ရှု့ရန် တက်ရောက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၈)ဦး တက်ရောက်၍ (၁၀၀)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၉)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ (ဗုဒ္ဓဟူးနေ့) လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့(အင်္ဂါနေ့)ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံသို့ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုကော်မတီ၏ နယ်မြေကွင်းဆင်းလေ့လာ စိစစ်တွေ့ရှိချက် အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး၊ မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
ဦးကျော်စွမ်းရည်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်း တင်ထားရှိမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဒုတိယနေ့ကို
(၁၂း၃၅)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့ (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။