ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁၀.၁.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ဦးလှသန်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

လွှတ်တော်အစည်းအဝေးသို့ ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင် စုစုပေါင်း(၂၃)ဦးတို့သည် လွှတ်တော်အစည်းအဝေး ကျင်းပမှုကို လေ့လာကြည့်ရှုရန် တက်ရောက် ခဲ့ကြပါသည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၇)ဦး တက်ရောက်၍ (၉၈.၅၃)ရာခိုင်နှုန်းရှိသဖြင့်    အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၉)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။

ဆက်လက်၍ လွှတ်တော်အစည်းအဝေး (တတိယနေ့) တွင် တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်
အတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင်၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဟန်ဝင်းအောင်က ဖတ်ကြားတင်သွင်းခဲ့ပြီး၊ ကော်မတီ၏ လေ့လာ တွေ့ရှိချက် အစီရင်ခံစာအပေါ် တိုင်းဒေသကြီးစာရင်းစစ်ချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ (၉.၁.၂၀၂၀)ရက်နေ့ အစည်းအဝေး ပဉ္စမနေ့တွင်  သရက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်  ဦးဇော်မိုးအောင် ဆွေးနွေးခဲ့သော ဆွေးနွေးချက်နှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာတို့ကို လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို ဆက်လက်ဆောင်ရွက် သွားရန်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း   လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကို(၁၁:၃၀)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် သတ္တမနေ့ အစည်းအဝေးကို
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့ (တနင်္လာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။