
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁၃.၁.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင် (ဒုတိယညွှန်ကြားရေးမှူးချုပ်)နှင့် တွဲဘက်အခမ်းအနားမှူးအဖြစ်ဒေါ်စုစုထွန်း(ဒုတိယညွှန်ကြားရေးမှူး) တို့က ဆောင်ရွက်ကြပါသည်။
လွှတ်တော်အစည်းအဝေးသို့ ကျေးလက်မြေအဖွဲ့မှဦးဆောင်၍ မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စုရှိ ကျေးရွာ(၇)ရွာမှ ကျေးရွာသူ/သား (၃၇)ဦးနှင့် နတ်မောက်မြို့နယ်၊ အင်တောရွာသစ် ကျေးရွာမှ(၂)ဦး စုစုပေါင်း (၃၉)ဦးတို့သည် လွှတ်တော်အစည်းအဝေး ကျင်းပမှုကို လေ့လာကြည့်ရှုရန် တက်ရောက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၆)ဦး တက်ရောက်၍ (၉၇.၀၆) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၈)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး(၅)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဆိုင်ရာကော်မတီ၏ နယ်မြေကွင်းဆင်းလေ့လာရာမှ စိစစ်တွေ့ရှိချက်နှင့် အကြံပြုတင်ပြချက် အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး၊ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၏ ကွင်းဆင်းလေ့လာ တွေ့ရှိချက်နှင့် အကြံပြုတင်ပြချက် အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ၊ နတ်မောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက လွှတ်တော်သို့ ဖတ်ကြားတင်သွင်း ခဲ့ရာ အစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ကို(၁၂း၀၀)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် အဋ္ဌမနေ့ အစည်းအဝေးကို
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့ (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။