
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၂၀) ပထမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၂၀) (ပထမနေ့) ကို (၄.၅.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင် (ဒုတိယညွှန်ကြားရေးမှူးချုပ်) က ဆောင်ရွက်ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အထူးအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ယခု လတ်တလောဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်ထားရှိမှုအခြေအနေများကို အကျဉ်းချုပ်တင်ပြပြီးနောက် ဆက်လက်၍ ကမ္ဘာ့ဘဏ်မှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကူညီထောက်ပံ့ပေးမည့်ငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက် ရရှိရေး အတွက် ဆွေးနွေးတင်ပြခဲ့ရာ အဆိုပါ ကမ္ဘာ့ဘဏ်ကူညီထောက်ပံ့ပေးငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီမှ ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး၏ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးက လွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ ဘဏ္ဍာရန်ပုံငွေစာရင်းနှင့်ပတ်သက်၍ ၂၀၂၀ပြည့်နှစ်၊ မေလ (၅)ရက် လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အကြောင်းအရာတို့ကို အသေးစိတ်ဖော်ပြ၍ ၂၀၂၀ပြည့်နှစ်၊ မေလ (၄)ရက် ယနေ့ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံသို့ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀)ပထမနေ့ကို
(၁၀း၃၅)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဒုတိယနေ့အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်
မေလ (၅)ရက်(အင်္ဂါနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း
လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။