ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၂၀) ဒုတိယနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၂၀) (ဒုတိယနေ့) ကို (၅.၅.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင် (ဒုတိယညွှန်ကြားရေးမှူးချုပ်) က ဆောင်ရွက်ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အထူးအစည်းအဝေး (ပထမနေ့)တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဖတ်ကြားတင်သွင်းခဲ့သော ကမ္ဘာ့ဘဏ်မှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကူညီထောက်ပံ့ပေးမည့်ငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား တိုင်းဒေသကြီး လွှတ်တော်၏ အတည်ပြုချက် ရရှိရေးအတွက် ဆွေးနွေးတင်ပြခဲ့မှုနှင့်စပ်လျဉ်း၍ မကွေးတိုင်း ဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီမှ ကော်မတီ ဥက္ကဋ္ဌ၊ ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဟန်က အကြံပြုထောက်ခံဆွေးနွေးခဲ့ပြီး၊ အဆိုပါ ကမ္ဘာ့ဘဏ်မှကူညီထောက်ပံ့ပေးငွေများဖြင့် ဆောင်ရွက် မည့်လုပ်ငန်းစီမံကိန်းများကို လွှတ်တော်၏ သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က သဘောတူ သည့်အတွက် အတည်ပြုကြောင်း  လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး၏ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း များနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင်၊ တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်းက ဖတ်ကြားဆွေးနွေးခဲ့ပြီး၊ သရက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးဇော်မိုးအောင်မှ အကြံပြုဆွေးနွေးခဲ့သည်။
ထို့နောက် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းများကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့တင်သွင်းခဲ့ရာ ရေနံချောင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှက ထောက်ခံဆွေးနွေးခဲ့ကာ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာပါအတိုင်း လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း များနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာနှင့် လွှတ်တော် ကိုယ်စားလှယ်(၁)ဦးတို့၏ ဆွေးနွေးချက်များကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ် ကြောင်းနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏အစီရင်ခံစာကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) ဒုတိယနေ့ကို (၁၁း၁၈)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် အထူးအစည်းအဝေး(၂/၂၀၂၀)အား အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။