ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် နယ်မြေကွင်းဆင်းစစ်ဆေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများ
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်
နိဒါန်း
၁။ မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေ ပုဒ်မ ၂၃၊ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က) အရအပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံးလျက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့တွင် လွှတ်တော်၏ သဘောတူညီချက်အရမကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဆိုင်ရာကော်မတီကိုအဖွဲ့ဝင်(၉)ဦးဖြင့်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
၂။ ကော်မတီသည် ဖွဲ့စည်းမှုပါလုပ်ငန်းတာဝန်များအရ (၁၄.၇.၂၀၁၆)ရက်နေ့မှ (၁၇.၇.၂၀၁၆) ရက်နေ့ထိ သရက်မြို့နယ်၊ မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ်များသို့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၃။ မကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီ၏ ကွင်းဆင်းစစ်ဆေးချက်များနှင့်စပ်လျဉ်း၍ သုံးသပ်ချက်၊ အကြံပြုတင်ပြချက်များ အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။
မြို့နယ်အလိုက် စိစစ်တွေ့ရှိချက်များ
၄။ မြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက်ရာ၌ အောက်ပါအတိုင်းစိစစ်တွေ့ရှိရပါသည် –
(က) သရက်မြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) သရက်မြို့နယ်၊ ရွှေဘုံသာအ.မ.က ကျောင်းအဆောက်အဦမှာကောင်းမွန်သော
ကျောင်းဖြစ်ပါသည်။
(၂) ရေမျက်ကျေးရွာ မူလွန်ကျောင်းမှာနံရံများကွဲအက်၊ အခင်းများကွဲအက်ပြီး
မျက်နှာကျက်အမိုးတို့ ပြုတ်ကျကွဲအက်နေသည်ကိုတွေ့ရှိရပါသည်။
(၃) တလပါးကျေးရွာ တိုက်နယ်ဆေးရုံမှာ သရက်မြို့နယ်ရှိ ပြင်/ထိန်း
အဆောက်အဦများထဲမှ ထူးခြားသောအဆောက်အဦဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် နဂိုမူရင်းအဆောက်အဦကို ပြင်ဆင်ထားခြင်းဖြစ်ပြီး ဘတ်ဂျတ်ငွေ သိန်း(၂၀၀၀)ဖြင့် ဆောက်လုပ်ပြင်ဆင်ထားမှုမှာနားလည်ရန် ခက်ခဲသော အနေအထားတစ်ခုအဖြစ် တွေ့ရှိရသောဆေးရုံဖြစ်ပါသည်။
(၄) တစီးကောက်ကျေးရွာ အ.မ.ကကျောင်း အဆောက်အဦမှာ အသင့်အတင့်
ကောင်းမွန်သောကျောင်းဖြစ်ပါသည်။ ဖောင်ဒေးရှင်းများကွဲအက်နေပါသည်။တစီးကောက်ရွာ ရွာနှစ်ရွာကူးတံတားမှာပျက်စီးနေပြီးသွားမရသောအခြေအနေ ကြောင့် ကျောင်းသားကျောင်းသူများ သွားလာရေးခက်ခဲနေပါသည်။
( ခ ) မင်းလှမြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) အမှတ်(၄)အ.မ.ကကျောင်းအဆောက်အဦမှာကောင်းမွန်ပါသည်၊
(၂) မီးသတ်(၅)ယူနစ်ရှိ အဆောက်အဦမှာမြို့ခံကုမ္ပဏီများ၏ မြို့အပေါ်ထားရှိသော
စေတနာပေါ်လွင်ထင်ရှားစွာကောင်းမွန်မှုရှိသည်ကိုတွေ့ရှိရပါသည်၊
(၃) ကုန်းကြီးကျေးရွာ မူလွန်ကျောင်းမှာ ကောင်းမွန်မှုရှိကြောင်းတွေ့ရှိရပါသည်၊
(၄) သမ္ဘုရာကန် မူလွန်ကျောင်းမှာလည်း ကောင်းမွန်မှုရှိကြောင်းတွေ့ရှိရပါသည်၊
(၅) မင်းလှမြို့နယ် မော်တော်ယာဉ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှာအခြားသော
မြို့နယ်များနှင့်မတူဘဲ ထူးခြားနေသည်ကိုတွေ့ရှိရပါသည်။ ၎င်းအဖွဲ့အနေဖြင့် အသင်းပိုင်ငွေများကို ခွဲဝေသုံးစွဲရာတွင် အသင်းကချမှတ်ထားသောစည်းမျဉ်း ဥပဒေများကို ကျော်လွန်၍ အသင်းပိုင်အဆောက်အဦများ ဆောက်လုပ် ငှားရမ်းကာ ဝင်ငွေရှာဖွေရန် ပြင်ဆင်ထားရှိနေခြင်းကြောင့်ဖြစ်ပါသည်။
( ဂ ) မင်းတုန်းမြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) အလယ်ချောင်းအ.ထ.က(ခွဲ) ကျောင်းအဆောက်အဦမှာ အလွန်ညံ့သော
အဆောက်အဦဖြစ်ပါသည်၊
(၂) ပန်းတောရွာ အ.ထ.က(ခွဲ) ကျောင်းအဆောက်အဦနံရံများနှင့် အခင်းများ
ကွဲအက်နေသည်ကိုတွေ့ရှိရပါသည်၊
(၃) သရက်-မင်းတုန်းသွား ကားလမ်းဘေး မြေကာနံရံများမှာအလွန်စိုးရိမ်ရပြီး
အန္တရာယ်ရှိသော အနေအထားများဖြစ်နေသည်ကိုတွေ့ရှိရပါသည်။
(ဃ) ကံမမြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) ကံမမြို့ အ.ထ.ကကျောင်းမှာ ကျပ်(၉၄၅)သိန်းပြင်/ထိန်းဖြင့် ပြင်ဆင်
ဆောက်လုပ်ခွင့်ရသောကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကော်မတီ သွားရောက်စိစစ်ရာတွင် လည်းအမိုးမလုံ၍ မိုးရေများယိုကျနေသည်ကိုတွေ့ရှိရပါသည်။ ကုမ္ပဏီမှလည်းလိုအပ်သည်များ ပြန်လည်ပြင်ဆင်ပြုလုပ်ပေးပါမည် ဟုဝန်ခံကတိပြုပြောကြားခဲ့ပါသည်၊
(၂) ကံမမြို့၊ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦမှာ အရည်အသွေး အလွန် ညံ့ဖျင်းနေသည်ကို တွေ့ရှိရပါသည်၊
(၃) အမှတ်(၄)အ.မ.က ကျောင်းအဆောက်အဦမှာကောင်းမွန်သည်ကိုတွေ့ရှိရပါသည်၊
(၄) ကိုင်းတောင်ကျေးရွာ အ.မ.ကနှင့် ကိုင်းစုကျေးရွာ အ.မ.ကကျောင်း
အဆောက်အဦများမှာ ကောင်းမွန်မှုမရှိကြောင်း တွေ့ရှိရပါသည်။
စစ်ဆေးတွေ့ရှိချက်များအပေါ် သုံးသပ်ချက်များ
၅။ ကော်မတီအနေဖြင့် အထက်ဖော်ပြပါ မြို့နယ်(၄)မြို့နယ်၏ ဆောက်လုပ်ရေးလုပ်ငန်းများ တည်ဆောက်ထားမှုအပေါ် အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည် –
(က) တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ဆောက်လုပ်နေသည့် လုပ်ငန်းများအား
တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများ၏အရည်အချင်းများ သတ်မှတ်ပြီး ၎င်းတို့အထဲမှ အရည်အသွေးညံ့ဖျင်းသည့် ကုမ္ပဏီများအား တင်ဒါပေးအပ်မှု မပြုလုပ်သင့်ပါ၊
( ခ ) နာမည်ပျက်စာရင်းကြေညာခံရသော ဆောက်လုပ်ရေးကုမ္ပဏီများမှ အခြားအမည်များ အသုံးပြု၍ တင်ဒါလျှောက်ထားမှုများအား အထူးကိစ္စတစ်ရပ်အဖြစ် အလေးထား စိစစ်ဆောင်ရွက်သင့်ပါသည်၊
( ဂ ) တင်ဒါအောင်မြင်သော ဆောက်လုပ်ရေးကုမ္ပဏီများအား သက်ဆိုင်ရာဌာန၏ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်စေရေး ကြပ်မတ် ဆောင်ရွက်သင့်ပါသည်၊
(ဃ) တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်မှုမရှိလျှင် အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်သင့်ပါသည်၊
( င ) မြို့နယ်များရှိ ဆောက်လုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရေတွင်း၊ ရေကန်၊ အဆောက်အဦ၊ လမ်း၊ တံတားများ၏ အသေးစိတ် အတိုင်းအတာပုံများ( Detialed Drawings)နှင့် ခွင့်ပြုရန်ပုံငွေစာရင်းများအား တာဝန်ယူဆောင်ရွက်နေသည့်ကုမ္ပဏီ များမှ ဆောက်လုပ်ရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဆိုင်ရာကော်မတီအပါအဝင် သက်ဆိုင်သည့်လွှတ်တော်ကိုယ်စားလှယ်များထံ ပေးအပ်ရမည်ဖြစ်ပါသည်၊
( စ ) ဆောက်လုပ်ရေးကုမ္ပဏီများမှ သုံးစွဲသော ပစ္စည်းများ၏ အရည်အသွေးညံ့ဖျင်းခြင်း၊ သတ်မှတ်ထားသည့် အရေအတွက်ပမာဏထက် လျော့နည်းအသုံးပြုခြင်းနှင့် တင်ဒါ အောင်မြင်သော ကုမ္ပဏီများမှ တစ်ဆင့်ခံ လုပ်ငန်းအပ်နှံဆောင်ရွက်နေမှုများအား စိစစ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါသည်။
အကြံပြုတင်ပြချက်များ
၆။ ကော်မတီအနေဖြင့် စစ်ဆေးတွေ့ရှိချက်၊သုံးသပ်ချက်များအပေါ်အခြေခံ၍ အောက်ပါအတိုင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည် –
(က) ကော်မတီ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အဆောက်အဦး၊ လမ်း၊ တံတား
များ၏အခြေအနေစစ်ဆေးတွေ့ရှိချက်အပေါ် ကောင်း၊သင့်၊ ညံ့ သတ်မှတ်ရွေးချယ်ပြီး ပေးသင့်သည်ကို ရွေးချယ်သတ်မှတ်မှုကိုမူတည်၍ နောင်နှစ်များတွင် လုပ်ငန်း တင်ဒါများခေါ်ယူရာ၌ ဦးစားပေးရွေးချယ်ပြီး အရည်အသွေးညံ့ဖျင်းသော ကုမ္ပဏီ များကို အမည်ပျက်စာရင်း(Black List) သတ်မှတ်သင့်ပါသည်၊
( ခ ) ဆောက်လုပ်ရေးကုမ္ပဏီများကိုလည်း မိမိတို့ကုမ္ပဏီမှ အမှန်တကယ်လုပ်ကိုင်နိုင်မည် ဖြစ်သော တင်ဒါလုပ်ငန်းများကိုသာ ရွေးချယ်ဆောင်ရွက်စေရေးညွှန်ကြား သတ်မှတ် သင့်ပါသည်၊
( ဂ ) လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရေလွှမ်းမိုးတတ်သော ဒေသများတွင် ဒေသနှင့် လိုက်လျောညီထွေရှိမည့် အဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးခန်းများ ကိုသာ ဆောက်လုပ်ခွင့်ပြုသင့်ပါသည်၊
(ဃ) လမ်းတံတားများ တိုင်းတာသတ်မှတ်ဆောင်ရွက်ရာတွင် မီတာစနစ်ဖြင့်သုံးစွဲမှုအပြင် အများပြည်သူများ နားလည်စေရန် မိုင်၊ ဖာလုံစနစ်ဖြင့်လည်းကောင်း၊ ရေတွင်း၊ ရေကန်၊ အဆောက်အဦ၊ လမ်း၊ တံတားများ၏ အသေးစိတ် အတိုင်းအတာပုံများ
(Detialed Drawings)များကိုလည်း အများပြည်သူနားလည်စေရန် ပေ၊ လက်မ များဖြင့် ပူးတွဲဖော်ပြစေရေး ညွှန်ကြားကြပ်မတ်သင့်ပါသည်၊
( င ) သရက်ခရိုင် ပို့ဆောင်ရေးလုပ်ငန်းများအား လေ့လာစောင့်ကြည့်ရာတွင် မြို့နယ်အဆင့် ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများ လွဲမှားနေသည်ကိုတွေ့ရှိရပြီး၊ ပြဌာန်း ထားသည့် ဥပဒေ၊ နည်းဥပဒေ အားနည်းမှုများအားတွေ့ရှိရ၍ နိုင်ငံတော်နှင့် အများပြည်သူတို့အကျိုးအတွက် ထိရောက်သော ဥပဒေ၊ နည်းဥပဒေများ ပြဌာန်း ဆောင်ရွက်သင့်ပါသည်၊
( စ ) ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ရှိ ပြည်သူ့ဘဏ္ဍာများ လေ့လွင့်ပြုန်းတီးမှုမရှိစေရေး၊ အချိန်မီထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကော်မတီ အား ကော်မတီလုပ်ငန်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် မြေပြင် ကွင်းဆင်း ဆောင်ရွက်မှုများအား လွှတ်တော်မှ ခွင့်ပြုစေရန် အကြံပြုပါသည်။
နိဂုံး
၇။ မကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီ၏ သရက်ခရိုင်အတွင်းရှိ မြို့နယ်အချို့အား နယ်မြေကွင်းဆင်းစစ်ဆေးဆောင်ရွက်ချက် များနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များအား သိရှိနိုင်ပါရန်နှင့် အကြံပြုတင်ပြချက်ပါအတိုင်း ဆောင်ရွက်နိုင်ပါရန် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။
( မြင့်အောင် )
ဥက္ကဋ္ဌ
ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်