ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် သဘောထားမှတ်ချက်အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်
နိဒါန်း
၁။ မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေ ပုဒ်မ ၂၃၊ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က) အရအပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံးလျက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့တွင် လွှတ်တော်၏ သဘောတူညီချက်အရမကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဆိုင်ရာကော်မတီကိုအဖွဲ့ဝင်(၉)ဦးဖြင့်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
၂။ ကော်မတီသည်ဖွဲ့စည်းမှုပါလုပ်ငန်းတာဝန်များအရ (၂၃.၁၁.၂၀၁၆)ရက်နေ့မှ (၂၇.၁၁.၂၀၁၆) ရက်နေ့အထိ မင်းဘူးခရိုင်အတွင်းရှိမြို့နယ်များနှင့် (၂.၂.၂၀၁၇)ရက်နေ့မှ (၆.၂.၂၀၁၇) ရက်နေ့ထိ ဆိပ်ဖြူမြို့နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် ရေစကြိုမြို့နယ်များသို့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ပါသည်။
ရည်ရွယ်ချက်
၃။ မကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီ၏ ကွင်းဆင်းစစ်ဆေးချက်များနှင့်စပ်လျဉ်း၍ သုံးသပ်ချက်၊ အကြံပြုတင်ပြချက်များ အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။
မြို့နယ်အလိုက် စိစစ်တွေ့ရှိချက်များ
၄။ မြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက်ရာ၌ အောက်ပါအတိုင်းစိစစ်တွေ့ရှိရပါသည် –
(က) မင်းဘူးမြို့နယ်အတွင်း စိစစ်တွေ့ရှိချက်များ
(၁) မင်းဘူး – ပဒါန်းလမ်း ၁၈ပေလမ်းချဲ့ထွင်ရာတွင် ဒေသသုံးကျောက်များ ၏ အရည်အသွေးမပြည့်မီမှုကိုတွေ့ရှိရပါသည်။
(၂) မင်းဘူး ရေပူရိုးတံတား ကျောက်ကွန်ကရစ်သုံးစွဲမှု အားနည်းသည်ကို တွေ့ရှိရ ပါသည်။ ချီပင်ကျောက်များမှာ အလွန်ညံ့ဖျင်းပါသည်။
(၃) မင်းဘူးမြို့နယ်အတွင်း ပညာရေးဌာနက ဆောက်လုပ်သောကျောင်းသစ်များ တွင် “ရွှေဉာဏ်ကျယ်”ကုမ္ပဏီ၏ပစ္စည်းသုံးစွဲမှုများမှာ တင်ဒါပါပုံစံနှင့် ကွဲလွဲ နေကြောင်းတွေ့ရှိရပါသည်။ သံထည်ပစ္စည်းများပါးလွန်းသဖြင့်လည်းကောင်း အုတ်များညံ့သဖြင့်လည်းကောင်း ပြန်လည်လဲလှယ်ခိုင်းခဲ့ရပါသည်။
(ခ) ငဖဲမြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) “ရွှေပဒါန်း”ကုမ္ပဏီမှာ ပဒါန်းအ.ထ.ကကျောင်းဆောင်တွင် ကောင်းမွန်ပြီး ရေပုတ်ရွာ အ.မ.ကတွင် အုတ်များညံ့ကာ အလွန်ညံ့ဖျင်းကြောင်း တွေ့ရှိရပါသည်။ “ခိုင်ဆန်းသစ်” ကုမ္ပဏီ ဆောက်လုပ်သော ပဒါန်းအ.မ.ကတောင်ကျောင်းနှင့် ပေါင်းကလေး အ.မ.က ကျောင်းဆောင်တို့မှာ ကောင်းမွန်ကြောင်းတွေ့ရှိရပါသည်။ ရွှေအုန်းတင့်ဝေ ကုမ္ပဏီဆောက်လုပ် သော ဆုံကုန်းအ.မ.က၊ ချောင်းဖြူအ.မ.က ကျောင်းတို့မှာ အုတ်များ၏ အရည်အသွေးညံ့ဖျင်းသည်ကိုတွေ့ရပြီး မင်းလွင်အ.မ.ကကျောင်းဆောင်မှာ သင့်တင့်ကောင်းမွန်ကြောင်းတွေ့ရပါသည်။
(၂) ဇီးတော မန်းချောင်းတံတား ပေ(၅၀၀’)မှာ ခေတ်မီဦးကုမ္ပဏီမှ ဆောက်လုပ်ပြီး အိုးမြေတွင်းတံတား ပေ(၉၂၀)မှာ မန်းဧရာဝတီကုမ္ပဏီတို့က ပစ္စည်းကောင်းများဖြင့် ကောင်းမွန်စွာဆောက်လုပ်ထားသော တံတားများ အဖြစ် တွေ့ရှိရပါသည်။
(၃) ငဖဲ-ချောင်းဖြူ တံတားမြေထိန်းနံရံနှင့် ငဖဲဆေးရုံအဝင်လမ်း၊ ဝန်ထမ်းအိမ်ရာ မျက်နှာကျက်များမှာ ဆောက်လုပ်မှုညံ့ဖျင်းကြောင်းတွေ့ရှိရပါသည်။
(ဂ) ပွင့်ဖြူမြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) ပွင့်ဖြူမြို့နယ် ကုန်စောင်း-သံကိုင်းလမ်း မြေသားလမ်းဖောက်လုပ်နေမှုနှင့် ကုန်းစောင်းမီးသတ်အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုများကိုတွေ့ရှိရ ပါသည်။
(၂) ပွင့်ဖြူ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ၄၅ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီး လင်းမြတ်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်သော ပွင့်ဖြူမြို့ မီးသတ်အဆောက်အအုံ ဆောက်လုပ်ထားရှိမှုမှာ အထူးကောင်းမွန်သည်ကို တွေ့ရှိရပါသည်။
(ဃ) ဆိပ်ဖြူမြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) မြို့နယ်မီးသတ်(၂)ထပ်အဆောက်အအုံမှာ ကောင်းမွန်ပါသည်။
(၂) ဆိပ်ဖြူမြို့၊ ဂွေးပင်စာသင်ကျောင်းကို ခိုင်ထူးကုမ္ပဏီက ဆောက်လုပ်ခဲ့ရာ (၄၆၈)သိန်းကုန်ကျပြီး သင့်တင့်ကောင်းမွန်သောအဆောက်အအုံဖြစ်ပါသည်။
(၃) ဆိပ်ဖြူ – ဆော လမ်းမှာလဲ သင့်တင့်ကောင်းမွန်သောလမ်းအဖြစ်တွေ့ရှိရပြီး ဆောက်လုပ်သောကုမ္ပဏီမှာ ပြည့်ဝေကျော်ကုမ္ပဏီဖြစ်ပါသည်။
(၄) ဆိပ်ဖြူမြို့နယ်၊ လိပ်ခြံရွာ အခြေခံပညာအထက်တန်းကျောင်းခွဲကို Lighting Worldကုမ္ပဏီမှ (၉၀’× ၃၀’)အုပ်ညှပ်(၁)ထပ်အဆောက်အအုံမှာ ကောင်းမွန် ပါသည်။
(၅) ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာ – ကျွန်မကြီး – ကမ်းပါးနီ မြေသားလမ်း ခင်းခြင်း ကို ပြည့်ဝေကျော်ကုမ္ပဏီမှ ဆောင်ရွက်လုပ်ကိုင်ခဲ့ရာ သင့်တင့်ကောင်းမွန် သောလမ်းဖြစ်ပါသည်။
(၆) ပုသိမ်-မုံရွာလမ်းမကြီးတွင် လမ်းခင်းနေသော Ocean Sky ကုမ္ပဏီ၊ ပြည်တော်တိုးကုမ္ပဏီတို့၏ လမ်းခင်းကျောင်းများမှာ ညံ့ဖျင်းကြောင်း တွေ့ရပါသည်။
၃
( င) ဆောမြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) ဆိပ်ဖြူ-ဆော-ကန်ပက်လက် မြို့နယ်ခြင်းဆက် ကျေးလက်လမ်းပိုင်းကို
သုခမိန်ကုမ္ပဏီက ဆောက်လုပ်ခဲ့ရာ သင့်တင့်ကောင်းမွန်သောလမ်းအဖြစ် တွေ့ရှိရပါသည်။
(၂) ဂန္ဓာမြိုင်ကုမ္ပဏီမှ (၄)ကျောင်း၊ ဥတုကမ္ဘာကုမ္ပဏီမှ (၄)ကျောင်း၊ ပြည်သူငြိမ်းချမ်းကုမ္ပဏီမှ (၄)ကျောင်း ဆောက်လုပ်ခဲ့ရာတွင်လည်း သင့်တင့် ကောင်းမွန်သောကျောင်းများသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
(၃) မြစ်ခြေ Group ကုမ္ပဏီမှ လောင်းရှည် ကျောက်ချောလမ်း ရေကျော် ပေ(၈၀၀) တည်ဆောက်နေရာ ပေ(၅၀)ကျန်ရှိနေပြီး ကောင်းမွန်သည်ကို တွေ့ရှိရပါသည်။
(၄) ကျောက်ထုမြို့၊ တပြင်းရွာ အထက်တန်းကျောင်း(ခွဲ) အဆောက်အအုံမှာ တံခါးများကောင်းမွန်မှုမရှိသည့် ညံ့သောအဆောက်အအုံဖြစ်ပါသည်။
(၅) ထီးလင်းမြို့နယ်၊ ပန်းစံကျေးရွာရှိ ကြီးချောင်းတံတားတည်ဆောက်ခြင်း မှာလည်း ကောင်းမွန်သည်ကို တွေ့ရှိရပါသည်။
( စ ) ထီးလင်းမြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) ပုစင်းချောင်း အခြေခံပညာကျောင်းမှာ ကောင်းမွန်ပါသည်။
(၂) ကျေးလက်ကျန်းမာရေး ကျင်းကျေးရွာ မန်းဧရာဝတီဖောင်ဒေးရှင်း ပေါက်-ထီးလင်း-ဂန့်ဂေါလမ်းနှင့် လက်ပံတံတားတို့မှာ ပြီးစီးခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။
(၃) ထီးလင်းမြို့နယ် ဇီးတောရွာ မူလတန်းကျောင်း၊ ဆေးမင်းတော အထက်တန်းကျောင်းခွဲ၊ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းနှင့် ဟားခါးချောင်းတံတား တည်ဆောက်ခြင်းတို့မှာ အသင့်တင့်ကောင်းမွန်သော တည်ဆောက်မှုများ အဖြစ် တွေ့ရှိရပါသည်။
(ဆ) ဂန့်ဂေါမြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) ဂန့်ဂေါမြို့နယ် ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများကော်မတီ တွင် ရန်ပုံငွေ (၄၉၆၇၉၀၀)ကျပ်ရှိပြီး ပရိဘောဂဝယ်ယူရေးအတွက် ငွေကျပ် (၂၈၀၀၀၀) သုံးစွဲထားပါသည်။
(၂) မုံရွာ-ပုလဲ-ဂန့်ဂေါ-ဟားခါးလမ်း ကျွန်းချောင်းတံတားဆောက်လုပ်နေမှုအား စစ်ဆေးခဲ့ပါသည်။
( ဇ ) ရေစကြိုမြို့နယ်အတွင်းစိစစ်တွေ့ရှိချက်များ
(၁) စဉ့်ကိုင်-ချစ်သူ-ပခန်းငယ်လမ်း မြေသားလမ်းခင်းခြင်းလုပ်ငန်း ၅ မိုင် ၂ ဖာလုံ ကျပ်သန်းပေါင်း ၁၇၄.၁၉ သန်းဖြင့် Hi-Tech Land ကုမ္ပဏီက ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးလုပ်ငန်းများမှာ အသင့်တင်ရှိပါသည်။
(၂) ယကက မအူဘောက်ဆိပ် (၁၄၀.၃၀)ပေ သွပ်မိုးအုတ်ညှပ် နှစ်ထပ်အသစ် ဆောက်လုပ်နေမှုကို ဟိဏ်းမော်ကွန်းကုမ္ပဏီမှ ဆောက်ရွက်လျက်ရှိပြီး အုတ်ခုံပြီးစီးသည်ကို တွေ့ရှိရပါသည်။
(၃) နယ်မြေမီးသတ်စခန်း (မအူ) (၄၅×၃၉×၁၅)ပေကို အောင်စကြာကုမ္ပဏီက ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအဆောက်အအုံသည် အလွန်ညံ့ပြီး ပြုပြင်စရာများစွာရှိသည်ကို တွေ့ရှိရပါသည်။
(၄) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ဇီးတော(၁) (၁၂၀×၃၀)ပေ M.A.W ကုမ္ပဏီက ဆောင်ရွက်နေပြီး အသင့်အတင့်ကောင်းမွန်ပါသည်။
(၅) ပခန်းကြီးနယ်မြေ မီးသတ်စခန်း(၄၅×၃၉×၁၅)ပေကို ဇေယျာနန်းကုမ္ပဏီက ဆောက်လုပ်နေပြီး အသင့်အတင့်ကောင်းမွန်ပါသည်။
(၆) ပခန်းကြီး အခြေခံပညာအထက်တန်းကျောင်း (၁၄၀×၃၀)ပေ RC(၂)ထပ် ဆောင်ကို မြခိုင်မာကုမ္ပဏီကဆောင်ရွက်နေပြီး ကောင်းမွန်သည်ကို တွေ့ရှိရပါသည်။
(၇) ဆောက်လုပ်ရေးသုံးသံထည်ပစ္စည်းများနှင့်ပတ်သက်၍ လေ့လာတွေ့ရှိရ သည်မှာ ကျွန်တော်တို့မြန်မာနိုင်ငံသို့ ရှေးယခင်က ဆောက်လုပ်ရေးသုံး သံထည်ပစ္စည်းများကို အင်္ဂလန်၊ အိန္တိယ၊ ကိုရီးယားနိုင်ငံများမှ တင်သွင်းခဲ့ပြီး အရည်အသွေးပြည့်မီခဲ့ကြပါသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ တင်သွင်းသော ဆောက်လုပ်ရေးသုံးသံထည်ပစ္စည်းများမှာ အရည်အသွေး ပြည့်မီမှုမရှိဘဲ အထူ၊အပါးအမျိုးမျိုးတင်သွင်းလာကြပါသည်။ တရုတ်နိုင်ငံ နှင့် ဆက်သွယ်နေသော Agent များမှတစ်ဆင့်မှာယူပြီး ဒေါ်လာနှင့် ပေးချေဝယ်ယူရပါသည်။ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ရောက်ရှိပြီး မြန်မာတစ်ပြည်လုံးသို့ ဖြန့်ချီခြင်းဖြစ်ပါသည်။ ဆောက်လုပ်ရေးသုံး သံထည် (6×3)I beam , (5×2)U Beam, (4×2)U Beam, စီချန်နယ်၊ Hollow ပစ္စည်းများမှာလည်း အထူ၊ အပါးအမျိုးမျိုး တင်သွင်းလာကြပါသည်။ ဌာနဆိုင်ရာအဆောက်အဦများ၏ Drawing၊ BQ, Stimate တို့တွင် သံထည်ပစ္စည်းများ၏ Weight ချိန်ကို တိတိကျကျသတ်မှတ်ပေးမှသာ မြို့နယ်တိုင်းရှိ အဆောက်အဦများသည် အရည်အသွေးတူညီကြမှာဖြစ် ပါသည်။
စစ်ဆေးတွေ့ရှိချက်များအပေါ် အကြံပြုချက်များ
၅။ ကော်မတီအနေဖြင့် စစ်ဆေးတွေ့ရှိချက်များပေါ်အခြေခံ၍ အောက်ပါအတိုင်း ဆောင်ရွက် သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည် –
(က) ယခုနှစ် ၂၀၁၆-၂၀၁၇ ဘတ်ဂျက်တွင် ပညာရေးဌာနမှချထားပေးသော Steel Structure ကျောင်းဆောင်များအတွင် အသုံးပြုရမည့် သံထည်ပစ္စည်း Construction Materials များ၏ Weight အလေးချိန်၊ စံချိန်စံညွှန်းများ တိကျမှု မရှိခြင်း၊ Drawing တိကျမှုမရှိခြင်းတို့ကြောင့် ဆောက်လုပ်ရာတွင် သုံးစွဲသော
၅
သံထည်ပစ္စည်းများ အထူ၊ အပါးမတူညီဘဲ အခက်အခဲအမျိုးမျိုးတွေ့နေရသဖြင့် လာမည့် ၂၀၁၇-၂၀၁၈ ဘတ်ဂျက် အဆောက်အဦများ ဆောက်လုပ်ရာတွင် တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာဌာနတို့မှ သင့်လျော်သလို တိတိကျကျ သတ်မှတ်ပြဌာန်းပေးသင့်ပါသည်။
( ခ ) ယခုအချိန်ထိစစ်ဆေးပြီးသော အဆောက်အအုံများတွင် အချို့မြို့နယ်ရှိကျောင်းများ ဆောက်လုပ်သည့်မြေနေရာ အချို့သည့် မြေအက်ကွဲပြတ်တောက်ခြင်း၊ စွတ်စို၍ ရေစိမ့်ထွက်ခြင်း၊ မြေပွခြင်းစသည့် ပြဿနာများ တွေ့ကြုံနေရသဖြင့် သက်ဆိုင်ရာ ဌာနမှ Soil Test မလုပ်နိုင်စေကာမူ ၎င်းမြို့နယ်မှ ဆောက်လုပ်ရေးကော်မတီနှင့် ညှိနှိုင်းကာ မြေအောက် Foundation ချသည့်လုပ်ငန်းအပိုင်းကို သင့်လျော်သလို တိုးမြှင့်ဆောက်လုပ်ပေးသင့်ပါသည်။ သို့မှသာ အဆောက်အဦများ ကြာရှည်ခိုင်ခံ့ပြီး နိုင်ငံတော်ငွေများ အလဟဿ လေ့လွင့်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
( ဂ ) အချို့မြို့နယ်များတွင် အဆောက်အဦဆောက်လုပ်သည့်မြေနေရာသည် တောင်ကုန်း ဆင်ခြေလျောများဖြစ်နေပြီး မြေမျက်နှာပြင် မညီမညာ အနိမ့်အမြင့်ဖြစ်နေသည်ကို လုံးဝမပြင်ဘဲ ဆောက်လုပ်ထားသည်ကို တွေ့ရှိရပါသည်။ ၎င်းကဲ့သို့ ဆောက်လုပ် ထားခြင်းသည် Foundation ခုံ၏ကြံ့ခိုင်မှုစွမ်းအား မတူညီမှုကြောင့် အဆောက် အအုံ၏ နှစ်ရှည်ခိုင်ခန့်မှုအားနည်းလိမ့်မည်ဟု ယူဆမိပါသည်။ ဥပမာ- မြေမြင့်သော ဘက်တွင် Ground Level အောက် လိုင်းခြင်းကို (၅)ပေအနက်တူးပြီး မြေနိမ့်သော ဘက်တွင် အနက်(၁)ပေခန့်သာ တူးထားပါသည်။ နှစ်ဘက်ပေါင်း (၆)ပေရှိပြီး နှစ်ဘက်နှင့်စားလျှင် ပျမ်းမျှ(၃)ပေရှိသည် စသည်ဖြင့်ပြောဆိုကာ အချို့ကုမ္ပဏီများ ဆောက်လုပ်နေသည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် အဆောက်အဦ၏ သဘော သဘာဝသည် မြေနိမ့်သောဘက်သို့ ဆွဲသွားတတ်သဖြင့် မကြာမီကွဲအက်ခြင်းများ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်တွင် မြေနေရာများအား အတတ်နိုင်ဆုံး အနိမ့်အမြင့်မရှိခြင်းနည်းအောင် မြေညှိပြီးမှဆောက်လုပ်သင့်ပါသည်။
(ဃ) အဆောက်အအုံဆောက်လုပ်ရာတွင် မကွေးတိုင်းဒေသကြီးအတွင်း တစ်မြို့နယ်နှင့် တစ်မြို့နယ် သီးခြားစီသတ်မှတ်ပြဌာန်းရန်မသင့်ဘဲ တပြေးညီသတ်မှတ် ပြဌာန်း ပေးသင့်ပါသည်။ သို့မှသာ ဆောက်လုပ်သည့်ကုမ္ပဏီများ၏ အရည်အသွေးများ သည်လည်း တူညီစွာကောင်းမွန်ကြမည်ဖြစ်ပါသည်။( ဥပမာ- ကြားတိုင်း ထားခြင်း၊ မထားခြင်းကိစ္စ)
( င ) အဆောက်အအုံဆောက်လုပ်ရာတွင် မြေနီအုတ်၊ ဘိလပ်မြေအုတ်ဟူ၍ (၂)မျိုးရှိရာ ဘိလပ်မြေအုတ်သည် Size အမျိုးမျိုးထုတ်လုပ်ကြပြီး ဥပမာအားဖြင့် လေ့လာချက် အရ 9″× 4½” × 2½” ဆိုက်ဖြင့် ထုတ်လုပ်ပါက ဘိလပ်မြေ(၁)အိတ်လျှင် (၁၂၀)ခဲ နှုန်းအထိသာကောင်းမွန်ပြီး မသမာလောဘဖြင့် ၁၅၀ ခဲ/ ၂၀၀ ခဲထိ ထုတ်လုပ်ထား
၆
ပါက အရည်အသွေးကောင်းမွန်မှုမရှိတော့ပါ။ ဘိလပ်မြေအုတ် လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်ကိုလည်း သွားရောက်မကြည့်ရှုနိုင်သည့်အတွက် မီးကျက်သောမြေနီ အုတ်များကိုသာ တပြေးညီသုံးသင့်ကြောင်း အတိအကျသတ်မှတ် ပြဌာန်းသင့် ပါသည်။
( စ ) ပခုက္ကူ-ရေစကြို-ချောင်းဦးလမ်းရှိ BOT စနစ်ဖြင့် ဆောင်ရွက်နေသော ထွန်းညိုလူ ကုမ္ပဏီမှ ဆောင်ရွက်ချက်များသည် အလွန်အားနည်းနေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါသောကြောင့် “ထွန်းညိုလူ” ကုမ္ပဏီ၏ ဆောင်ရွက်ချက်များကို တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ပါသည်။
နိဂုံး
၆။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ နိဂုံးချုပ်အနေဖြင့် -မကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီ၏ အထက်ဖော်ပြပါမြို့နယ်များသို့ နယ်မြေကွင်းဆင်းစစ်ဆေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များအား သိရှိနိုင်ပါရန်နှင့် အကြံပြုတင်ပြချက် ပါအတိုင်း ဆောင်ရွက်နိုင်ပါရန် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ မှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။
ကျေးဇူးတင်ပါသည်ခင်ဗျား ။
မြင့်အောင်
ဥက္ကဋ္ဌ
ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်
မကွေးမြို့