ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီးလွှတ်တော်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများ
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်
နိဒါန်း
၁။ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု၊ ကွင်းဆင်းတွေ့ရှိချက်၊ အကြံပြုချက်၊ သုံးသပ်ချက်၊ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အစီရင် ခံစာကို မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ၂၀၁၆ ခုနှစ်၊ ဧပြီလ(၈)ရက်နေ့တွင် မကွေး တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ ကော်မတီ၏ အစည်း အဝေးများကို (၅)ကြိမ်ကျင်းပခဲ့ပြီး ကွင်းဆင်းဆောင်ရွက်မှု(၃)ကြိမ်နှင့် ကော်မတီဝင်များမှ သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။ ကော်မတီသည် ကွင်းဆင်းဆောင်ရွက်သည့်အခါ အောက်ပါလုပ်ငန်းစဉ်များကိုဦးစားပေး၍ကော်မတီသို့ ပေးအပ် ထားသောတာဝန်များအတိုင်း ဆောင်ရွက်လျက်ရှိပါသည်။ (က)စိုက်ပျိုးရေရရှိရေး၊ (ခ)ဆည်မြောင်း ဆိုင်ရာပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နိုင်ရေးနှင့် တာတမံများ၏ ရေပေးဝေနိုင်မှု အခြေ အနေ တိုးတက်ကောင်းမွန်လာစေရန်၊ (ဂ) စိုက်ပျိုးစရိတ်ချေးငွေကိစ္စ အဆင်ပြေချောမွေ့စေရေးစသည့် အချက်(၃)ချက်ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ ကော်မတီအနေဖြင့် မကွေးတစ်တိုင်းလုံး ဆိုင်ရာ ခြုံငုံဆောင်ရွက်နိုင်ခြင်းမျိုးမရှိသေးပါ။ (၃)လခန့်ကာလအတွင်း ကွင်းဆင်းဆောင်ရွက် ခဲ့သည်များကို အကျဉ်းချုပ် အစီရင်ခံတင်ပြမည်ဖြစ်ပါသည်။
စိုက်ပျိုးရေရရှိရေးအပိုင်း
၂။ ဆည်မြောင်းတာတမံများမှရေပေးဝေမှုအခြေအနေများကို ယခင်ထက်ပိုမို အဆင်ပြေစေရန် အတွက် သက်ဆိုင်ရာဦးစီးဌာနများသို့ အကြံပြုခြင်း၊ ကူညီညှိနှိုင်းဖြေရှင်းမှုများကို တစ်တိုင်းလုံး လွှမ်းခြုံဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း ကော်မတီအနေဖြင့် ကော်မတီဝင်များအခြေစိုက်သည့် မြို့နယ်များတွင် သက်ဆိုင်ရာဦးစီးဌာနများ၊ တောင်သူများနှင့် ညှိနှိုင်းကူညီဖြေရှင်းမှုများကို ကော်မတီ၏လုပ်ပိုင်ခွင့် တာဝန်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။
၃။ ဇွန်လ(၁၆)ရက်နေ့သည် မိုးစပါးအတွက် ပျိုးထောင်ရက်ဖြစ်၍ ဆည်မြောင်းမှ ရေစတင် လွှတ်ရက်ဖြစ်ရာယခင်နှစ်များထက် ရေပေးဝေမှုမှန်ကန်ရေး ရေပေးဝေမှုမျှတရေး ရေပေးဝေမှုကို အကြောင်းပြလျက် တောင်သူအချင်းချင်းအကြား လူမှုပဋိပက္ခများကို လျှော့ချနိုင်ရေးအတွက် ကော်မတီအနေဖြင့် ဆည်မြောင်းရေပေးဝေမှုဆိုင်ရာ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးအဖြေရှာမှုများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်ဆောင်ရွက်သွားမည် လည်းဖြစ်ပါသည်။
ဆည်မြောင်းများဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရေးနှင့် ဆည်တာတမံများ၏ ရေပေးဝေနိုင်မှုအခြေအနေ တိုးတက်ကောင်းမွန်လာစေရေးအပိုင်း
၄။ မကွေးခရိုင်အတွင်း ဆည်မြောင်းတာတမံများနှင့်ပတ်သက်၍ ပြုပြင်ထိန်းသိမ်းမှုများ လိုအပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ရေပေးဝေမှုများနှင့် ပတ်သက်၍ ကွင်းဆင်းတွေ့ရှိချက်မှာ ရေလှောင်တမံများသည် အကျိုးပြုဧကများသို့ ရေလုံလောက်စွာမရောက်ရှိသည်ကိုတွေ့ရပါသည်။ ထို့ပြင် ဆည်မြောင်းဆိုင်ရာစီမံခန့်ခွဲမှု မရှိသည့်ဌာနများ အဖွဲ့အစည်းများမှ စိုက်ပျိုးရေကို လိုသလိုရယူမှုများရှိနေသည်ကို တွေ့ရပါသည်။ ဥပမာ တောင်တွင်းကြီး မြို့နယ် ခမရ ၁၀၃၊ ခလရ ၈၈ တို့သည် ငမင်ရေလှောင်တမံမှ စိုက်ပျိုးရေကိုရယူခြင်း၊ ယခင်ပြောင်းဖူးစေ့စက်ရုံ ယခုမြင်းနှင့် သိုးမွေးမြူရေးလုပ်ငန်းအတွက် ၎င်းလုပ်ငန်းတာဝန်ရှိသူများက ရန်ပယ်ရေလှောင်တမံမှ ရေရယူခြင်း၊ ကန်လှသကြားစက်လုပ်ငန်းအတွက် ကင်ပွန်းတောင်ရေလှောင်တမံမှ ရေကိုရယူခြင်း များကို တွေ့ရှိရပါသည်။ သို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကွင်းဆင်းမှုများ ပြုလုပ်သင့် သည်ဟု အကြံပြုလိုပါသည်။ မင်းဘူးခရိုင်အတွင်း ဆည်မြောင်းတာတမံများနှင့်ပတ်သက်၍ ပြုပြင်ထိန်းသိမ်းမှုများ စိုက်ပျိုးရေမျှတစွာ အချိန်နှင့်တပြေးညီရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ယခုထက်ပို၍ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်ကို တွေ့ရပါသည်။ ဥပမာ- ပြုပြင်ထိန်းသိမ်းမှုများနှင့်ပတ်သက်၍ ကြီးအုံကြီးဝ၊ မုန်း၊ မန်းတမံကြီးများကို အကြီးစားပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ဆဲဆောင်ရွက်ရန်ရှိသည်ကို တွေ့ရှိရသော်လည်း အခြားသော ဆည် တာတမံများ၊ ရေလွှဲဆည်များ၊ တူးမြောင်းများ၊ မြောင်းခွဲများပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက် ရှိသည်ကိုတွေ့ရှိရပါသည်။ အထူးတင်ပြလိုသည်မှာ မန်းတမံဆည်ရေသောက်ဧရိယာဧက (၄၀၀၀၀)ကျော်ရှိပါသည်။ ထို့အတွက်ကျူ့ဆက်(၈၀၀)ထုတ်ပေးနိုင်မည်ဆိုပါက စိုက်ပျိုးရေ လုံလောက်စွာပေးဝေနိုင်မည်ဖြစ်သော်လည်း ယခုမန်းတမံသည် ကျူ့ဆက်(၅၀၀)သာ ထုတ်ပေးနိုင် သဖြင့် ကျု့ဆက်(၃၀၀)ထုတ်ပေးနိုင်သော ရေထုတ်ပြွန်တစ်ခု ထပ်မံတည်ဆောက်ရန် လိုအပ်လျက် ရှိသည်ဟု ဆည်မြောင်းတာဝန်ရှိသူများထံမှ သိရှိရပါသည်။ မင်းဘူး/စကုမြို့နယ်တွင် အိုင်းမ ရေလွှဲဆည်ရှိပြီး ၎င်းဆည်မှ တောင်မန်းတူးမြောင်း ရေသောက်ဧရိယာမှာ(၁၉၈၈)မတိုင်မီကဧက (၈၀၀၀)ကျော်သာရှိသည့်အတွက် ၎င်းတူးမြောင်းပေါ်တွင်ရှိသည့် ပင်းတလဲနှင့် စကောရေသွယ် လျှောက်များမှာ ရေစီးဝင်နိုင်မှုပမာဏသည် ရေသောက်ဧရိယာဧက (၁၁၀၀၀)ကျော်ခန့် ရှိလာသော အခါ ယခုအချိန်တွင် စိုက်ပျိုးမြေများသို့ ရေလုံလောက်မျှတစွာရရှိနိုင်ရေးမဖြစ်နိုင်သည်ကို တွေ့ရှိရ ပါသည်။ ငဖဲမြို့နယ်၊ ဇင်ပြွန်းအုပ်စုအတွင်းရှိဂုတ်ချောင်းအားအသေးစားရေတာတမံတုပ်၍ ရေသွယ်ယူစိုက်ပျိုးခဲ့သော အထက်ကွင်းလယ်ရေသွယ်မြောင်းနှင့် အောက်ကွင်းလယ် ရေသွယ် မြောင်းများမှာ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့သွယ်တန်းမှု စီမံကိန်းကြောင့် မြေစာများပြိုကျ ဖုံးလွှမ်း၍ ရေသွယ်မြောင်းများပျက်စီးသွားခဲ့ကြောင်း ၂၀၁၂-၂၀၁၃-၂၀၁၄-၂၀၁၅ (၄)နှစ်တာ ကာလအတွင်း တောင်သူများ လယ်ယာစိုက်ပျိုးခွင့်မရဘဲ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့ခဲ့ရ ပါသည်။ ကော်မတီမှ ၎င်းနေရာသို့ ကွင်းဆင်းကြည့်ရှူ၍ သက်ဆိုင်ရာမြို့နယ်ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူများသို့ အသိပေးပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့မှုကြောင့် နိုင်ငံတော်မှ ကျပ်သန်း(၄၀)ခန့် ပြုပြင်ထိန်းသိမ်းရန် ချထားပေးသည်ဟုသိရှိရပါသည်။ ယခုနှစ်အတွင်း အမြန်အကောင်အထည် ဖော်ရန်လိုအပ်လျက်ရှိသည်ဟု သုံးသပ်တွေ့ရှိရပါသည်။သရက်ခရိုင်အတွင်း ဆည်မြောင်းတာတမံများနှင့် ပတ်သက်၍လည်း ကွင်းဆင်းတွေ့ရှိချက်များကို ဆက်လက်တင်ပြလိုပါတယ်။ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းမှ အနောက်ဘက် (၃.၅)မိုင်အကွာ ကြို့ပင်ကျေးရွာအနီး၌ မဒေးရေလှောင်တမံတည်ရှိပါသည်။ မဒေးရေလှောင်တမံကို အထူးစီမံကိန်းများအကောင်အထည်ဖော်ရေး အစည်းအဝေး(၁/၂၀၀၃) ခွင့်ပြုချက်အရ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မဒေးချောင်းဘေးတွင် ရေလှောင်တမံတည်ဆောက်၍ ဆည်ရေ (၅၄၀၀၀)ဧကပေ သိုလှောင်၍ ကံမမြို့နယ်အတွင်း စိုက်ပျိုးဧရိယာ(၄၀၀၀)ဧကသို့ ရေသွင်းစိုက်ပျိုးရန်ရည်ရွယ်၍ တည်ဆောက်ခဲ့သည်ဟု သိရှိရပါသည်။ စီမံကိန်းခန့်မှန်းကုန်ကျငွေ ကျပ်သန်းပေါင်း(၁၈၃၅၀)ကုန်ကျခဲ့သည့် စီမံကိန်းလုပ်ငန်းကို ၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများပြီးခဲ့သည်ဟုသိရှိရပါသည်။ ၎င်းလုပ်ငန်းကို ပဲခူးတိုင်း၊ ပြည်မြို့ဆည်မြောင်း တည်ဆောက်ရေး(၂)မှ အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါသည်။ ယခုအခါ မူလရည်မှန်းထားသော လယ်မြေဧရိယာများသို့ စီမံချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ ၎င်းအခြေအနေကို လေ့လာသော အခါ ဆည်မြောင်းရေကို အခြားနည်းဖြင့်အသုံးပြုမှုများဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါသည်။ တူးမြောင်းမကြီးသည် အလျား(၁၀)မိုင်၊ မြောင်းခွဲမှ (၄၇.၈)မိုင် ရှည်လျားပါသည်။ ၎င်းတူးမြောင်း တစ်လျောက်တွင် ဆည်မြောင်းဌာနမှ လုပ်ငန်းကြီးကြပ်မှု အားနည်းသည်ကိုတွေ့ရှိရပါသည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းအရင်းမှာ မဒေးရေလှောင်တမံနှင့် ဆည်မြောင်းဆိုင်ရာ ကိစ္စရပ်များသည် တည်ဆောက်ရေး(၂)၏ စီမံခန့်ခွဲမှုအောက်တွင်သာယခုထိတည်ရှိနေခြင်းသည် အဓိကအကြောင်း အရင်း ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ မဒေးရေလှောင်တမံမှ စိုက်ပျိုးရေကိုစနစ်တကျ စီမံခန့်ခွဲနိုင်ရန် အတွက် မကွေးတိုင်းအစိုးရ၏အုပ်ချုပ်မှု မကွေးတိုင်းဆည်မြောင်းဌာန၏စီမံခန့်ခွဲမှုအောက်တွင် အမြန်ဆုံးပြန်လည်ရောက်ရှိစေရန် အထူးလိုအပ်ပါသည်။ သို့မှသာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ရေပေးဝေမှုကိစ္စရပ်များကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု သုံးသပ် တွေ့ရှိရပါသည်။ ထို့အပြင် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအနီး ဗောဓိဆည် သည် ဆည်ရေသောက်ဧရိယာအတွင်း အကျိုးပြုစိုက်ဧကများသို့ ရေပေးဝေနိုင်မှုမရှိသည်ကိုလည်း တင်ပြအစီရင်ခံအပ်ပါသည်။
၅။ ဂန့်ဂေါခရိုင်အတွင်း မြစ်သာရေလှောင်တမံ တည်ဆောက်မှုကြောင့် ရေဝပ်ဧရိယာအတွင်း ရွာ(၄)ရွာနှင့် စိုက်ပျိုးမြေ(၁၅၈၁)ဧကသည် ရေဝပ်ဧရိယာအတွင်းပါဝင်ခဲ့ပါသည်။ ရွာ(၄)ရွာကို အစားထိုးပြောင်းရွှေ့ပေးခဲ့ခြင်း၊ အိမ်ရာများတည်ဆောက်ပေးခြင်းနှင့် ဆန်ရိက္ခာထောက်ပံ့မှုများ ရှိသော်လည်း မြေယာများအတွက် လျော်ကြေးမရခဲ့ပါ။ အစားထိုးစိုက်ပျိုးမြေများ ဖန်တီးပေးခဲ့ သော်လည်း ကျောက်စရစ်တောများဖြစ်နေ၍ ရေရှည်လုပ်ကိုင်စိုက်ပျိုးရန် ခက်ခဲလျက်ရှိသည်ကို တွေ့ရပါသည်။ ကျေးရွာသူ/ကျေးရွာသားများအတွက် သန့်ရှင်းသော သောက်သုံးရေမရရှိသည် ကိုလည်း ဂန့်ဂေါခရိုင်အတွင်း လေ့လာသိရှိရပါသည်။
စိုက်ပျိုးစရိတ်ချေးငွေကိစ္စ အဆင်ပြေချောမွေ့စေရေးအပိုင်း
၆။ အထက်ပါကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် ဒေသခံတောင်သူများအတွက် စိုက်ပျိုး စရိတ်ချေးငွေများ အဆင်ပြေချောမွေ့စွာရရှိရေးအတွက် ကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများသို့တိုက်တွန်းခဲ့ပါသည်။ ထို့အပြင် ဒေသခံတောင်သူများနှင့်လည်း တွေ့ဆုံမှုများပြုလုပ်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ကော်မတီ၏တွေ့ရှိချက်မှာ လယ်ယာမြေသိမ်းဆည်းခံရမှုပြဿနာများ၊ လယ်ယာ မြေအငြင်းပွားမှုပြဿနာများပုံစံ(၇)လျှောက်ထားသော်လည်း မရရှိသေးသည့် ပြဿနာများသည် လည်း မကွေးတိုင်းဒေသကြီးအတွက် ဖြေရှင်းရန်အထူးလိုအပ်သည့်ကိစ္စရပ်များ ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါသည်။
ကော်မတီ၏ အကြံပြုချက်များ
၇။ ကော်မတီအနေဖြင့် လွှတ်တော်မှတဆင့်အောက်ပါအကြံပြုချက်များကို အကြံပြုတင်ပြ အပ်ပါသည် –
(က) မကွေးတိုင်းဒေသကြီးအစိုးရ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ
မကွေးတိုင်းအတွင်း ဆည်တာတမံများ မြစ်ရေတင်စီမံကိန်းများ ရေလှောင်ကန်များ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများနှင့် တည်ဆောက်မှုစနစ်မှားယွင်းခဲ့သော ဆည်တာတမံများအား ပညာရှင်များ၏ အကူအညီဖြင့် ပြန်လည်စီစစ်ပြုပြင် သွားနိုင်ရန် ယခုထက်ပို၍ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါသည်။
( ခ ) ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် စီမံကိန်းလျာထားငွေစာရင်း
များအား ပြန်လည်စီစစ်ရန် လိုအပ်ပါသည်။ (ဥပမာ – တောင်တွင်းကြီးမြို့နယ် အောင်သုခကန်ရေခန်းခြောက်မှု သက်သာစေရန်အတွက် နည်းလမ်းရှာဆောင်ရွက် ရာမှာ ကျပ်သန်းပေါင်း(၉)သန်း သုံးစွဲဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရှိ သည်ကို တွေ့ရှိရပါသည်။ တိုင်းအတွင်း အခြားဆည်မြောင်းဆိုင်ရာ စီမံကိန်းများ ကိုလည်း စနစ်တကျတွက်ချက်ဆောင်ရွက်သင့်ပါသည်။)
(ဃ) မကွေးတိုင်းအတွင်း အသေးစားရေလှောင်တမံများကို ရေသောက်ဧရိယာနှင့်
အမှန်တကယ်အကျိုးပြုဧက အခြေအနေမှန်များကိုသိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ယခုထက်ပို၍ ကွင်းဆင်းစစ်ဆေးတွက်ချက်မှုများကို ဒေသခံတောင်သူ များနှင့် ညှိနှိုင်းကာ ဆောင်ရွက်သင့်ပါသည်။
( င ) ဆည်တာတမံများရေပေးဝေမှုအခက်အခဲသည် ရေပေးဝေမှုစနစ် အမှားအယွင်း
ကြောင့်လား ဆည်မြောင်းဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်တို့၏ အဂတိကြောင့်လား၊ ဆည်မြောင်းဆိုင်ရာပြုပြင်ထိန်းသိမ်းမှုများ လိုအပ်ခြင်းကြောင့်လားဆိုသည့် အချက် (၃)ချက်ကို ဝန်ကြီးဌာနမှသိရှိနိုင်ရန် ပြုပြင်သွားနိုင်ရန်အတွက် ယခုထက်ပို၍ စုံစမ်းစစ်ဆေးမှုများ တိကျပြတ်သားသော ညွှန်ကြားချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ဆောင်ရွက်သင့်ပါသည်။
( စ ) တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေကိစ္စနှင့်ပတ်သက်၍ မြို့နယ်လယ်ယာ
ဖွံ့ဖြိုးရေးဘဏ်များအား ချေးငွေညွှန်ကြားချက်အတိုင်း ဆောင်ရွက်မှုရှိ/မရှိကို သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူအဆင့်ဆင့်မှ စောင့်ကြည့်လမ်းညွှန်မှုများ ဆောင်ရွက်ရန် အကြံပြုလိုပါသည်။
(ဆ) အကြီးစားပြင်ဆင်မှုများပြုလုပ်ဆဲ၊ ပြုလုပ်လာမည့်မုန်းတမံ၊ ကြီးအုံကြီးဝတမံ၊
မန်းတမံများ၏ စီမံကိန်းလုပ်ငန်းများတွင် စံချိန်စံညွှန်းပြည့်မှီစွာ ဆောင်ရွက်ခြင်း ရှိ/မရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စနစ်တကျစောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ လမ်းညွှန်သင့်သည်ဟု အကြံပြုလိုပါသည်။
( ဇ ) ဆည်မြောင်းတာတမံများကို စိုက်ပျိုးချိန်မတိုင်မှီ၊ စိုက်ပျိုးချိန်နှင့် စိုက်ပျိုးပြီး
ရာသီများတွင် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည့် အချိန်အတွင်း အမြန်ဆောင်ရွက်နိုင်ရန် နည်းပညာနှင့် စက်ယန္တရားများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် တိုးချဲ့ဖြည့်တင်းသင့်သည်ဟု အကြံပြုလိုပါသည်။
(ဈ) ဆည်မြောင်းရေပေးဝေရာတွင် ရေပေးဝေမှုတာဝန်ရှိဝန်ထမ်းများ မြောင်းလျှောက်
များနှင့် စနစ်တကျလက်တွဲလုပ်ကိုင်နိုင်ရန်ရည်ရွယ်ပြီး လယ်သမားကိုယ်စားပြု မြောင်းခေါင်းများကို စနစ်တကျခန့်ထားနိုင်ရေးအတွက် ဆည်မြောင်းဦးစီးဌာန အနေဖြင့် တောင်သူများ၏ဆန္ဒအပေါ်အခြေခံကာဆောင်ရွက်ရန်လိုအပ်လျက်ရှိသည် ဟု အကြံပြုလိုပါသည်။
အထူးတိုက်တွန်းချက်
၈။ မြေယာသိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ ဆုံးရှုံးနစ်နာမှုများရှိခဲ့သော မကွေးတိုင်း အတွင်း တောင်သူများအတွက် လယ်ယာမြေများပြန်လည်ရရှိရေးသည် အလွန်ပင်အရေးကြီး ပါသည်။ သို့ဖြစ်ပါ၍ လယ်ယာမြေသိမ်းဆည်းခံရသူများ၏ လက်ဝယ်သို့ လယ်ယာမြေများ ပြန်လည်ရရှိရေး နစ်နာကြေးလျော်ကြေးများ ပြန်လည်ရရှိရေး အမြန်ဆုံးပေးလျော်စေနိုင်ရန် အတွက် အမြန်ဆုံးဆောင်ရွက်ပေးသင့်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှတ်တော်မှ တစ်ဆင့်တိုက်တွန်းအပ်ပါသည်။
၉။ ငဖဲမြို့နယ်အတွင်း တရုတ်- မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမှုကြောင့် လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများနှင့် သီးနှံဆုံးရှုံးမှုများရှိခဲ့သော တောင်သူများတွင် လျော်ကြေးပေးအပ်ရန် ကျန်ရှိလျက်ရှိသူများကို သက်ဆိုင်ရာဌာန သက်ဆိုင်ရာ ကုမ္ပဏီဘက်မှ နစ်နာကြေးလျော်ကြေးများ အမြန်ဆုံးပေးလျော်စေနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းညွှန်မှုပြုလုပ်ပေးပါရန် တိုက်တွန်းလိုပါသည်။
၁၀။ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ဆည်တာတမံများနှင့် ဆက်စပ်၍ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများ၊ လယ်ယာမြေပျက်စီးရှုံးဆုံးမှုများ မဖြစ်ပေါ် စေရေးအတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာစီမံချက်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဆိုင်ရာဝန်ကြီးဌာနမှ ရေးဆွဲပြင်ဆင်ထားရန် အကြံပြုတိုက်တွန်းလိုပါသည်။
ကော်မတီမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ
၁၁။ မကွေးတိုင်းအတွင်း တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဆည်မြောင်းများ၏ လက်ရှိ အခြေအနေမှန်ကို လွှတ်တော်သို့တင်ပြနိုင်ရန်၊ မကွေးတိုင်းအတွင်း ခရိုင်အားလုံးသို့ ကွင်းဆင်း လေ့လာ ဆောင်ရွက်သွားမည်။
၁၂။ တောင်သူများ စိုက်ပျိုးစရိတ်ချေးငွေ အဆင်ပြေစွာရရှိရေးအတွက် ကော်မတီခရီးစဉ်များ အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်အလိုက်တွင်ရှိနေသောကော်မတီဝင်များမှလည်းကောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ တောင်သူများနှင့်ပူပေါင်း၍ညှိနှိုင်းကူညီဖြေရှင်းပေးသွားမည်ဖြစ်သည်။
၁၃။ စိုက်ပျိုးရေပေးဝေမှုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်များမှာ ဆည်မြောင်းဦးစီးဌာနတာဝန်ရှိသူများ ဒေသခံတောင်သူများနှင့် ညှိနှိုင်းကူညီပေးသွားနိုင်ရေး အတွက် ခရိုင်အလိုက် ကွင်းဆင်းမှုများကို ပြုလုပ်ဆောင်ရွက်သွားမည်။
၁၄။ မကွေးတစ်တိုင်းလုံးနှင့်ပတ်သက်သော ဆည်မြောင်းဆိုင်ရာ အချက်အလက်များအား သက်ဆိုင်ရာဝန်ကြီးဌာန၏ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးဌာနများထံမှ တောင်းယူသွားမည် ဖြစ်ပါသည်။ (ကော်မတီ၏လုပ်ငန်းများ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါသည်။)
၁၅။ မဒေးရေလှောင်တမံအား မကွေးတိုင်းအစိုးရ၏အုပ်ချုပ်မှု မကွေးတိုင်းဒေသကြီးဆည်မြောင်း ဦးစီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် အမြန်ရောက်ရှိရန် ညှိနှိုင်းကူညီပေးသွားမည်ဖြစ်သည်။
၁၆။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကော်မတီသို့ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်ဝေဖန်သုံးသပ်ချက်များ ပေးပို့နိုင်ရန် (၂)လအတွင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၁၇။ ကော်မတီ၏ ပုံမှန်အစည်းအဝေးများကို(၁၅)ရက်လျှင်(၁)ကြိမ် ကျင်းပသွားမည်ဖြစ်ပါသည်။
၁၈။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှ အထူးတာဝန်ပေး ဆောင်ရွက်စေလိုသော ကိစ္စရပ်များ ကိုလည်း ကော်မတီသို့ပေးအပ်ထားသော တာဝန်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
နိဂုံးချုပ်
၁၉။ မကွေးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကော်မတီအနေဖြင့် အစီရင်ခံတင်ပြခဲ့သော ကွင်းဆင်းလေ့လာတွေ့ရှိချက်များ သုံးသပ်ချက်များ၊ အကြံပြုချက်များ၊ တိုက်တွန်းချက်များသည် (၃)လခန့်ကာလအတွင်း ဆောင်ရွက် ခဲ့မှုများအပေါ်အခြေခံ၍ အကျဉ်းအားဖြင့် တင်ပြခဲ့ခြင်းဖြစ်ပါသည်။ နိဂုံးချုပ်တင်ပြလိုသည်မှာ ကော်မတီအနေဖြင့် စိုက်ပျိုးမွေးမြူရေးဆည်မြောင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သောဝန်ထမ်းများသည် နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုး စီးပွားကိုအလေးထားပြီး ကာကွယ်ဆောင်ရွက်ရေးကို ဦးတည်ခြင်းရှိ/မရှိ ဆိုသည့်အချက်ကို ဤကော်မတီကိုပေးအပ်ထားသောတာဝန်(၁၁)ရပ်အနက် အပိုဒ်(ဂ)အရဥပဒေပြုမဏ္ဍိုင်၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သောစောင့်ကြည့်ထိန်းညှိခြင်းနည်းလမ်းဖြင့်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
(၁၈.၆.၂၀၁၆ ရက်နေ့တွင်ကျင်းပသော ကော်မတီ၏ အစည်းအဝေး သဘောတူချက်အရ ဤလွှတ်တော်သို့ တင်သွင်းအပ်ပါသည်။)
ဥက္ကဋ္ဌ
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်