
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို (၁၅.၆.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီး အမှူးက ဆောင်ရွက်ပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော်
ကိုယ်စားလှယ် ဗိုလ်မှူးကြီးသက်နိုင်နှင့် ဗိုလ်ကြီး ဇင်မင်းထွန်း တို့မှ ကတိသစ္စာပြုပြီး ကတိသစ္စာပြု လွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦး တက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ကမ္ဘာ့ဘဏ်မှ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကူညီထောက်ပံ့ပေးမည့် ငွေများဖြင့် ထပ်မံဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်သွင်းခဲ့ရာ ကန့်ကွက်သူ မရှိ သဘောတူသည့်အတွက် လွှတ်တော်က သဘောတူအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၇)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး(၄)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာ
ရန်ပုံငွေ ခွဲဝေသုံးစွဲရေးဉပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၇) ရက်နေ့ (တတိယနေ့) လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက ဆွေးနွေးလိုသည့် အကြောင်းအရာကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၆) ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံသို့ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းကိစ္စအား မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို (၁၁း၂၀)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၆)ရက်နေ့ (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော်ဉက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။