
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၆.၆.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦး တက်ရောက်၍ (၉၅.၅၉) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၀)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး(၅)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းကိစ္စနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင်၊ ဆောမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်းက အကြံပြုဆွေးနွေးခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို သိရှိနိုင်ရန်အတွက်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ကော်မတီ၏ အစီရင်ခံစာနှင့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်းကိစ္စတို့ကို လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ ဥက္ကဋ္ဌ၊
မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မျိုးဝင်းက အကြံပြုဆွေးနွေးခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) (တတိယနေ့)တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) အလုပ်သမားရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးမှ လွှတ်တော်သို့ တင်သွင်းခဲ့သော မကွေးတိုင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ (၁၈)ရက်နေ့ (ကြာသပတေးနေ့) လွှတ်တော် အစည်းအဝေး (စတုတ္ထနေ့)တွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များရှိပါက ဆွေးနွေးလိုသော အပိုဒ်၊ အကြောင်းအရာတို့ကို အသေးစိတ် ဖော်ပြ၍ လက်မှတ်ရေးထိုး ကာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၇)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁း၂၀)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၇)ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော်ဉက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။