
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၈.၆.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၇)ဦး တက်ရောက်၍ (၉၈.၅၃) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၀)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး(၆)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးဇော်မိုးအောင်က အကြံပြုဆွေးနွေးခဲ့ပြီး၊ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အကြံပြုဆွေးနွေးချက် များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ သဘောတူညီချက် ရယူခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးက လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ရာ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြု ပေးနိုင်ပါရန်ထောက်ခံဆွေးနွေးခဲ့ပြီးယင်းဥပဒေကြမ်းတစ်ရပ်လုံးကိုလွှတ်တော်တွင်ပြင်ဆင်ဆွေးနွေး ဆုံးဖြတ်သည့်အတိုင်း လွှတ်တော်ကသဘောတူသည့်အတွက် အတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး လွှတ်တော် တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ ဆွေးနွေးချက်များကိုလည်း လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၁:၂၁)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၉)ရက်နေ့ (သောကြာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း လွှတ်တော်ဉက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။