ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၂၇.၈.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦး တက်ရောက်၍ (၉၂.၆၅) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး(၄)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးချေးငွေနှင့် စုငွေများ ဥပဒေကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ  အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ (ဆဋ္ဌမနေ့) (တနင်္လာနေ့) လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အကြောင်းအရာတို့ကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့ (သောကြာနေ့) ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေကြမ်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ (ကိုယ်စား) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ (ဆဋ္ဌမနေ့) (တနင်္လာနေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အကြောင်းအရာတို့ကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့ (သောကြာနေ့) ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ လွှတ်တော်အစည်းအဝေး (ဒုတိယနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး အပင်နှင့် သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဋ္ဌေးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကာ မကွေးတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ အဆိုတင်သွင်းခဲ့ရာ
ဆိပ်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်အေးက ယင်းဥပဒေအား အတည်ပြုပေးနိုင်ပါရန် ထောက်ခံဆွေးနွေးခဲ့ပါသည်။
ထို့နောက် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားဆန္ဒကိုရယူပြီး ဥပဒေ
ပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာပါ သဘောထားမှတ်ချက်များအတိုင်း ဥပဒေကြမ်းတစ်ရပ်လုံး အား လွှတ်တော်က အတည်ပြု ကြောင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး ယင်းအစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ လွှတ်တော်အစည်းအဝေး (ဒုတိယနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ  ဖတ်ကြား တင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး ဓာတ်ပုံ၊ ပန်းချီ၊ ပန်းပု စသည့် ပြပွဲများဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကာ မကွေးတိုင်းဒေသကြီး ဓာတ်ပုံ၊ ပန်းချီ၊ ပန်းပု စသည့် ပြပွဲများဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ အဆိုတင်သွင်းခဲ့ရာ
ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ယင်းဥပဒေအား အတည်ပြုပေးနိုင်ပါရန် ထောက်ခံဆွေးနွေးခဲ့ပါသည်။
ထို့နောက် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားဆန္ဒကိုရယူပြီး ဥပဒေ ပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာပါ သဘောထားမှတ်ချက်များအတိုင်း ဥပဒေကြမ်းတစ်ရပ်လုံး အား လွှတ်တော်က အတည်ပြု ကြောင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၁:၄၀) နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၈)ရက်နေ့ (သောကြာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဉက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။