ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကို (၂၈.၈.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦး တက်ရောက်၍ (၉၅.၅၉) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၇)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး(၅)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး လမ်းများ၊ တံတားများဥပဒေကြမ်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့(ကိုယ်စား) ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ  အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ (အင်္ဂါနေ့) (သတ္တမနေ့) လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အကြောင်းအရာတို့ကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ (တနင်္လာနေ့) ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ ချေးငွေနှင့်စုငွေများ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင်၊ ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၁း၂၀) နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၁)ရက်နေ့ (တနင်္လာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဉက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။