
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကို (၃၁.၈.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၆)ဦး တက်ရောက်၍ (၉၇.၀၆) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၄)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး(၃)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ လွှတ်တော်အစည်းအဝေး (ပဉ္စမနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး လမ်းများ၊ တံတားများဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်၊ မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းဋ္ဌေးက ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ဆက်လက်၍ လွှတ်တော်အစည်းအဝေး (စတုတ္ထနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးချေးငွေနှင့် စုငွေများ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ပြီးနောက် ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးချေးငွေနှင့် စုငွေများ ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ အဆိုတင်သွင်းခဲ့ရာ မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က ယင်းဥပဒေအား အတည်ပြုပေးနိုင်ပါရန် ထောက်ခံ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားဆန္ဒကိုရယူပြီး ဥပဒေ
ပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာပါ သဘောထားမှတ်ချက်များအတိုင်း ဥပဒေကြမ်းတစ်ရပ်လုံး အား လွှတ်တော်က အတည်ပြုကြောင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး ယင်းအစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁၁:၀၀) နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် သတ္တမနေ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဉက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။