ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် အကြံပြုဆွေးနွေးချက် အစီရင်ခံစာ(၁/၂၀၁၆)
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ ရက်
နိဒါန်း
၁။ ၂၀၁၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ၊ (၆၆)အပိုဒ်ခွဲ(ဂ)အရ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် အကြံပြုဆွေးနွေးချက် အစီရင်ခံစာ(၁/၂၀၁၆)ဖြစ်ပါသည်။
၂။ မကွေးတိုင်းဒေသကြီးလွှတ်တော်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ သည် ပထမအကြိမ်အစည်းအဝေးကို (၂၇.၄.၂၀၁၆)ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို (၂၄.၅.၂၀၁၆)ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်အစည်းအဝေးကို (၂၆.၆.၂၀၁၆)ရက်နေ့တွင်လည်းကောင်း လွှတ်တော်ကော်မတီအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ ပါသည်။
ရည်ရွယ်ချက်
၃။ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့်စီမံကိန်းများ ရေးဆွဲရာတွင် လည်းကောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ တိကျသည့်စာရင်းဇယား နှင့်ကိန်းဂဏန်းအချက်အလက်များဖြင့် အမှန်တကယ်လိုအပ်သော စီမံကိန်းများရရှိလာစေရန်၊ စည်ပင်သာယာရေးအဖွဲ့မှ ငွေကြေးများကောက်ခံသုံးစွဲရာတွင် လျာထားငွေ၊ ကောက်ခံရငွေနှင့် သုံးစွဲငွေများအား ဥပဒေနှင့်အညီသုံးစွဲမှု ရှိ/မရှိစိစစ်ပြီး လေလွင့်မှုမရှိစေရန်နှင့် ခေတ်မီဖွံဖြိုး တိုးတက်၍ သာယာလှပသော မကွေးတိုင်းဒေသကြီးဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။
လေ့လာသုံးသပ်ချက်နှင့် အကြံပြုဆွေးနွေးချက်
၄။ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေး ကော်မတီ၏ လေ့လာတွေ့ရှိချက်များကို အောက်ပါအတိုင်း ကဏ္ဍအလိုက်အကြံပြုဆွေးနွေးတင်ပြ သွားပါမည် –
(က) စီမံကိန်းနှင့်ဘဏ္ဍာရေးကဏ္ဍ
(၁-၁) ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့်
ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး
ဌာန၏ဆောက်လုပ်ရေးလုပ်ငန်းများ၌ မကွေးမြို့နယ်၊ မကြီးကန်-ကန်လှ
လမ်းအတွက် ကျပ်သန်းပေါင်း(၃၈၀.၀၀) လျာထားသည်ကိုလည်းကောင်း၊
မကွေးမြို့နယ် မြို့ရှောင်လမ်းအတွက် ကျပ်သန်းပေါင်း(၆၈၀.၀၀)လျာထား
သည်ကိုလည်းကောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဦးစီးဌာန
ဖြည့်စွက်လုပ်ငန်း (လမ်း/တံတား) လျာထားချက်၌ မကွေးမြို့နယ်
ပြည်တော်သာလမ်းနှင့် အ.ထ.က(၁)လမ်း အကြားရှိ အဝေရာလမ်းအတွက်
ကျပ်သန်းပေါင်း(၇၉.၈၄) လျာထားသည်ကိုလည်းကောင်း တွေ့ရှိရပါသည်။
အဆိုပါလမ်းများကို ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ထားရှိကြောင်း
တွေ့ရှိရပါသဖြင့် အဆိုပါလမ်းများတွင် ကုန်ကျမည့်ငွေကို မကွေးမြို့
အတွင်းရှိ အများပြည်သူ သွားလာအသုံးပြုနေသော ပျက်စီးနေသည့်
လမ်းများအတွက် ပြောင်းလဲသုံးစွဲစေလိုကြောင်း အကြံပြုဆွေးနွေးတင်ပြ
အပ်ပါသည်။
(၂-၂) ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အစားထိုးရင်းနှီး
မြှုပ်နှံမှုလုပ်ငန်းအတွက် မကွေးမြို့နယ်၊ မိချောင်းရဲတိုက်နယ်တွင် ၁၁ကေဗွီ၊
မြင်းကွန်း-မိချောင်းရဲလမ်းရှိ ဆွေးမြေ့သစ်သားတိုင်အား ကွန်ကရစ်အစားထိုး
လဲလှယ်ခြင်းအတွက် ကျပ်သန်းပေါင်း(၂၄၉.၆၈၄) တင်ပြတောင်းခံ
ထားပါသည်။ အဆိုပါကွန်ကရစ်အစားထိုးလဲလှယ်ခြင်းကို ၂၀၁၅-၂၀၁၆
ဘဏ္ဍာနှစ်တွင် (၈)မိုင်ခန့်အထိ ဆောင်ရွက်ထားရှိသည်ကို တွေ့ရှိရသဖြင့်
ကျန်အပိုင်းအတွက် ကျပ်သန်းပေါင်း(၂၄၉.၆၈၄) ကုန်ကျရန် သင့်/မသင့်
စိစစ်ဆောင်ရွက်စေလိုကြောင်း အကြံပြုဆွေးနွေးအပ်ပါသည်။
(ခ) စည်ပင်သာယာစျေးများကဏ္ဍ
(၁-၁) မကွေးတိုင်းဒေသကြီးရှိ စည်ပင်သာယာစျေးများသည် စျေးများဆိုင်ရာ
စည်းမျဉ်း၊ စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/မရှိကို လေ့လာကြည့်ရှုခဲ့ရာတွင်
လေလံများကို တစ်ဦးတည်းမှ များစွာပိုင်ဆိုင်ထားခြင်း၊ လေလံခေါ်ယူရာ
တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုမရှိခြင်း၊ သက်တမ်းတိုးစနစ်သည်
စျေးပြိုင်လေလံရောင်းချခြင်းကို အဟန့်အတားဖြစ်စေပြီး အခြားသူများ၏
အခွင့်အရေးကို ဆုံးရှုံးနစ်နာစေခြင်း၊ စျေးပတ်လည်တွင် ယာဉ်များစနစ်တကျ
ရပ်နားမှုမရှိသဖြင့် လမ်းသွားပြည်သူများအား အနှောင့်အယှက်များ
ဖြစ်စေခြင်း၊ စျေးအိမ်သာ (မိလ္လာ)များမှာ သန့်ရှင်းမှုအားနည်းသောကြောင့်
ကျန်းမာရေးနှင့် ညီညွတ်မှုမရှိခြင်း၊ ဆိုင်ခန်းရှင်များမှ မိမိဆိုင်ရှေ့နယ်နိမိတ်
ကို ထပ်ဆင့်ငှားရမ်းခြင်း၊ စျေးကောက်ကောက်ခံရာတွင် စည်ပင်သာယာရေး
အဖွဲ့တံဆိပ်တုံးပါရှိသည့် ဖြတ်ပိုင်းများပေးခြင်းမရှိဘဲကောက်ခံလျက်ရှိခြင်း၊
အသား/ငါး ရောင်းချသောဆိုင်များမှာ သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချမှု
မရှိခြင်းနှင့် သတ်မှတ်နေရာတွင် ရောင်းချမှုမရှိခြင်း၊ ဆိုင်ခန်းများမှာ
လျှောက်လမ်းပေါ်ထိ ရှေ့ထုတ်၍ ခင်းကျင်းရောင်းချခြင်းကြောင့်လူသွားလမ်း
ကျဉ်းမြောင်းသဖြင့် ဈေးဝယ်သူများအား အနှောင့်အယှက်ဖြစ်ပေါ်လျှက်
ရှိကြောင်း တွေ့ရှိရပါသည်။
(၂-၂) အချို့ဈေးပတ်လည်တွင် ရေမြောင်းများ တူးဖော်ထားရှိမှုမရှိခြင်းနှင့် ရေနှုတ်
မြောင်းရှိသော ဈေးများတွင် အမှိုက်များပိတ်ဆို့၍ အနံ့ဆိုးများထွက်ရှိနေခြင်း၊
လေလံရရှိသူများသည် သက်ဆိုင်ရာလေလံစည်းကမ်းချက်များကို လိုက်နာမှု
အားနည်းလျက်ရှိခြင်းတို့ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အသစ်ပြန်လည်
ဖွဲ့စည်းပြီးသော မြို့နယ်စည်ပင်သာယာရေးကော်မတီမှဦးဆောင်၍ ဈေးများ
မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန် ဖော်ပြပါအချက်များအား ပြန်လည်စိစစ်ပြီး
သက်ဆိုင်ရာမြို့နယ်များအလိုက် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊
စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အားနည်းချက်ရှိသော
ဥပဒေ၊ နည်းဥပဒေများအား ပြန်လည်ဖြည့်စွက်ပြင်ဆင်စေလိုကြောင်း
အကြံပြု ဆွေးနွေးတင်ပြအပ်ပါသည်။
( ဂ ) လမ်းများကဏ္ဍ
(၁-၁) မကွေးမြို့တွင် အများပြည်သူသွားလာနေသော မြို့မဈေးလမ်း၊ကမ်းနားလမ်း၊
ရွာသစ်(၁၆၊၁၇)လမ်း၊ မေတ္တာလမ်း၊ဆေးရုံလမ်း၊ မဲထီးလမ်း၊ တက္ကသိုလ်ရှေ့
တောင်တွင်းလမ်း၊ အဝေရာလမ်း(တောင်တွင်းလမ်းတောင်ဘက်ခြမ်း)တို့တွင်
ချိုင့်ခွက်များရှိခြင်း မိုးရွာချိန်တွင် ရေတိုက်စားခြင်း၊ လမ်းဘေးရေမြောင်းများ
စနစ်တကျစီးဆင်းမှုမရှိခြင်းတို့ကြောင့် လမ်းများပျက်စီးနေသည်ကို တွေ့ရှိ
ရပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၅-၂၀၁၆ ဘတ်ဂျက်တွင် ဆောင်ရွက်ပြီးလုပ်ငန်း
များကို ၂၀၁၆-၂၀၁၇ ဘတ်ဂျက်တွင် ထပ်မံတင်ပြတောင်းခံထားသော
တိုင်းဒေသကြီးဘတ်ဂျက်အား လိုအပ်သောနေရာများသို့ ဖြည့်စွက်ပြင်ဆင်
သင့်ပါကြောင်း အကြံပြုဆွေးနွေးတင်ပြအပ်ပါသည်။
(၂-၂) ထို့အပြင် လမ်းများ၊ အုတ်ရေမြောင်း ပြုလုပ်ခြင်းများ၊ ကွန်ကရစ်တံတား
တည်ဆောက်ခြင်းများအား ပွင့်လင်းမြင်သာသော ဈေးပြိုင်စနစ် သို့မဟုတ်
အိတ်ပိတ်တင်ဒါခေါ်ယူဆောင်ရွက်သင့်ပါကြောင်းနှင့် လမ်း၏သက်တမ်း
ကာလသတ်မှတ်ခြင်း၊ အသုံးပြုမည့်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေး
၍ အရည်အသွေးပြည့်မီသော လမ်းများဖြစ်စေရေးအတွက် ဆောင်ရွက်သင့်
ပါကြောင်း အကြံကပြုဆွေးနွေးတင်ပြအပ်ပါသည်။
(ဃ) ပန်းခြံများ
(၁-၁) မကွေးတိုင်းဒေသကြီးအတွင်းရှိ ပန်းခြံများတွင် ရောင်စုံမီးများ၊ ပန်းအလှပင်
များ စိုက်ပျိုးခြင်း၊ အများပြည်သူနားနေ အပန်းဖြေနိုင်ရန် ခုံတန်းများ
ပြုလုပ်ခြင်း၊ နေ့စဉ်ရေလောင်းခြင်း၊ ပန်းခြံတံခါးများ အချိန်သတ်မှတ်၍
ဖွင့်လှစ်စေခြင်းများ ပြုလုပ်ခြင်းဖြင့် တိုင်းဒေသကြီး သာယာလှပမှုကို
အကောင်အထည်ဖော်ရာရောက်ပါသည်။ စည်ပင်သာယာရေးအဖွဲ့မှလည်း
ရက်(၁၀၀) စီမံချက်တွင် ထည့်သွင်းအကောင်အထည်ဖော်လျက်ရှိကြောင်း
သိရှိရပါသည်။
(၂-၂) အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေနားနေနိုင်ရေးကို အနှောင့်
အယှက်ဖြစ်စေမည့် ပန်းခြံများအတွင်း စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချ
နေသည်ကို မကွေးမြို့ ကမ်းနားလမ်းရှိ မြဧရာပန်းခြံတွင် တွေ့မြင်နေရ
ပါသည်။ သို့ဖြစ်ပါ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စိစစ်ဆောင်ရွက်
ပေးစေလိုကြောင်း အကြံပြုဆွေးနွေးတင်ပြအပ်ပါသည်။
( င ) တိရစ္ဆာန်များ သတ်ဖြတ်မှုကို စီမံခန့်ခွဲခြင်း
(၁-၁) ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေ ပုဒ်မ
၃၇၊ ပုဒ်မ ၃၈ တွင် မကွေးတိုင်းဒေသကြီးအတွင်း မည်သည့်ဒေသတွင်မဆို
အများပြည်သူ စားသုံးရန်မှအပ နိုင်ငံတော်မှတရားဝင်သတ်မှတ်ပေးထား
သည့် ဘာသာရေးနှင့် အထူးသီးခြားကိစ္စရပ်များအတွက် ကျွဲ၊ နွား၊ သိုး၊
ဆိတ်၊ ဝက် သတ်ဖြတ်ခွင့် အမိန့်ကို သတ်မှတ်ချက်များနှင့်အညီ
တိုင်းဒေသကြီးအကြီးအမှူး၏ ကြီးကြပ်မှုဖြင့် ခွင့်ပြုနိုင်သည်ဟု ဖော်ပြထား
ပါသည်။ ထို့ကြောင့် အများပြည်သူ စားသုံးရန်မှအပဟူသော စကားရပ်ဖြင့်
မြို့ရွာနှင့် ဝေးကွာသော အရပ်ဒေသများတွင် သားသတ်ခွင့်မရှိခြင်းသည်
ကျေးရွာနေပြည်သူများအတွက် အာဟာရပြည့်ဝမှုကို ဟန့်တားရာ ရောက်စေ
ပါသည်။ သို့ဖြစ်ပါ၍ ပုဒ်မ ၃၇နှင့် ၃၈၊ ၈၅၊ ၈၆ တို့ကို ပြန်လည်ပြင်ဆင်စေ
လိုကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ရှေ့လုပ်ငန်းစဉ်များ
၅။ မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ သည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်သော စီမံကိန်းများအမှန်တကယ်ကုန်ကျ သင့်သည့် ငွေကြေးပမာဏ၊ သတ်မှတ်ထားသောစံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လုပ်ငန်းများကို ပွင့်လင်းမြင်သာသော တင်ဒါခေါ်ယူခြင်းရှိ/မရှိတို့ကို နည်းဥပဒေ၊ စည်းမျဉ်းစည်ကမ်းများနှင့်အညီ လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်သွားပါမည်။
နိဂုံး
၆။ နိဂုံးချုပ်အားဖြင့် စီမံကိန်းများရေးဆွဲရာတွင် ယခင်နှစ်စီမံကိန်းများတွင်ပါဝင်ဆောင်ရွက် ခဲ့သော စီမံကိန်းများ ပြီး/မပြီး လေ့လာဆန်းစစ်ပြီးမှသာ ရေးဆွဲသင့်ပါကြောင်း၊ ထပ်မံတင်ပြ တောင်းခံခြင်းသည် မည်သည့်အတွက်ကြောင့် တောင်းခံခြင်းဖြစ်သည်ကိုလည်းကောင်း၊ အမှန် ကုန်ကျမည့်ပမာဏထက်ပိုလျှံတောင်းခံခြင်းရှိ/မရှိ တို့ကို စိစစ်ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး ဘတ်ဂျက်ကို အလေအလွင့်မရှိစေရန် ထိန်းသိမ်းရာရောက်ပါသည်။ မကွေးတိုင်းဒေသကြီးကို ဖွံ့ဖြိုး တိုးတက်သော တိုင်းတစ်တိုင်းဖြစ်လာစေရန် ဌာနဆိုင်ရာပြည်သူ့ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကော်မတီများ၊ လွှတ်တော်ကော်မတီများပါဝင်သော အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့်တရားစီရင်ရေးမဏ္ဍိုင်တို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ၏အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းအပ်ပါသည်။
( အေးကျော် )
ဥက္ကဋ္ဌ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်
စည်ပင်သာယာရေးကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်
မိတ္တူကို
လက်ခံ