ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)ပထမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(ပထမနေ့) ကို (၁၈.၁.၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးစိန်ထွန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်းတို့ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားမှူး အဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင် (လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူး)က ဆောင်ရွက်ပါသည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အထူးအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ မိန့်ခွန်းပြောကြားခဲ့ရာ လွှတ်တော်တွင်မှတ်တမ်းထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

လွှတ်တော်အထူးအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်လုပ်ငန်းဆောင်ရွက်ချက်နှင့်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီး
စာရင်းစစ်ချုပ်ဦးလှသန်းမှ လွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့ (ဒုတိယနေ့) လွှတ်တော်အထူးအစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့်‌ လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ ယနေ့ရုံးချိန်အတွင်း လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၏ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်းမှ လွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာကို လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ရုံး၏ (၅)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း မှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာကို လွှတ်တော်တွင်မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ (၅)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာကို တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းမှ လွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ (၅)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာ ကို တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်းမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ ယင်းအစီရင် ခံစာကို လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)ပထမနေ့ကို
(၁၁း၃၀)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဒုတိယနေ့အစည်းအဝေးကို ၂၀၂၁ခုနှစ်
ဇန်နဝါရီလ(၁၉)ရက်(အင်္ဂါနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း
လွှတ်‌တော်ဥက္ကဋ္ဌမှကြေညာ၍ အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်။