ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁) ဒုတိယနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(ဒုတိယနေ့) ကို (၁၉.၁.၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်းတို့ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင် (လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူး)က ဆောင်ရွက်ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦး၊ (၉၁.၁၈) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အထူးအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ချက်နှင့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင်၊ ဆိပ်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်အေးမှ လွှတ်တော်သို့ဖတ်ကြား တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် () ဦး မှလည်း အကြံပြုဆွေးနွေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ အကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ချက်နှင့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆွေးနွေးခဲ့မှုတို့အား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာအား အစိုးရအဖွဲ့သို့ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးမှလည်းကောင်း၊ လူမှုရေးဝန်ကြီးဌာန၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဝန်ကြီး ဒေါက်တာခင်မောင်အေး မှလည်းကောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဝန်ကြီး ဦးမြင့်ဇော်မှ လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဝန်ကြီး ဦးဇော်မင်းမှလည်းကောင်း လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာများအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁) ဒုတိယနေ့ကို
(၁၂း၂၀)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် တတိယနေ့အစည်းအဝေးကို ၂၀၂၁ခုနှစ်
ဇန်နဝါရီလ(၂၀)ရက်(ဗုဒ္ဓဟူးနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း
လွှတ်‌တော်ဥက္ကဋ္ဌမှကြေညာ၍ အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်။