ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

ဆောင်ရွက်ချက်များ

         ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို (၂၂.၁.၂၀၂၁)ရက်နေ့ (၁၁း၃၀)နာရီအချိန် တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဗိုလ်မင်းရောင်ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)ကို (၁၈.၁.၂၀၂၁)ရက်နေ့မှ (၂၂.၁.၂၀၂၁)ရက်နေ့အထိ (၅)ရက် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး ပြီးစီးသည့်အချိန် နေ့လယ်ပိုင်းတွင် ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုမှ လွှတ်တော်ကိုယ်စားလှယ်များအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား ညှိနှိုင်းတိုင်ပင်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြ၍ အထူးပင်ဝမ်းသာဂုဏ်ယူပါကြောင်း လုပ်ငန်းတာဝန်များအား တက်ညီလက်ညီနှင့် အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့်လည်း ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ (၅)နှစ်တာကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍လုပ်ငန်းတာဝန်များဆောင်ရွက်ခဲ့ရာတွင်အဆင်ပြေပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များ ကိုလည်းအထူးပင် အားရကျေနပ်၍ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါကြောင်း ပြောကြားခဲ့ပြီး ဂုဏ်ပြုနှုတ်ဆက်လက်ဆောင်များ ပေးအပ်ခဲ့ပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။