ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီ၏ မင်းလှမြို့နယ်နှင့် မြိုင်မြို့နယ် အတွင်းရှိ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကိစ္စများ၊ လျှပ်စစ်နှင့် စွမ်းအင်ကိစ္စများအား ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်
နိဒါန်း
၁။ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီသည် ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများအရ (၁၃.၆.၂၀၁၆)ရက်နေ့မှ (၁၇.၆.၂၀၁၆)ရက်နေ့အထိ မင်းလှမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများ၊ လျှပ်စစ်နှင့် စွမ်းအင်ကိစ္စများကို ကော်မတီဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်(၅)ဦးဖြင့်သွားရောက်လေ့လာ စောင့်ကြည့်ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၂။ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီသည် မကွေးတိုင်းဒေသကြီးအတွင်းကော်မတီနှင့်ပတ်သက်၍တာဝန်ပေးအပ်ထားသည့်အတိုင်းလုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါသည်။
မင်းလှမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ
၃။ အောက်ပါအတိုင်းစစ်ဆေးတွေ့ရှိရပါသည် –
(က) (၁၃.၆.၂၀၁၆)ရက်နေ့တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာဌာနအချို့နှင့် ရေနံလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးမေးမြန်း ကြပါသည်။ ရေနံလုပ်ငန်းရှင်များ၏တင်ပြချက်အရ တရားဝင်ရေနံလုပ်ကွက်ပေါင်း (၄၁)ကွက်ရှိပြီး အမှန်တကယ်လုပ်ဆောင်နေသော အကွက်ပေါင်း(၁၉)ကွက်ခန့်သာ ရှိကြောင်း သိရှိရပါသည်။
( ခ ) ကော်မတီအနေဖြင့်အခြေအနေအမှန်များသိရှိနိုင်ရန် အမှန်တကယ်ထုတ်လုပ်နေသော ဒဟတ်ပင်ရေနံမှော်နှင့်ထန်းကိုင်းရေနံမှော်များကို သွားရောက်ကြည့်ရှုခဲ့ရာတရားဝင် လုပ်ကွက်၏ ထက်ဝက်ခန့်သာ တူးဖော်ထုတ်လုပ်နေပြီး ရေနံစျေးနှုန်း ကျဆင်းမှုများ အပါအဝင် ရေနံထွက်ရှိမှုများလည်း ကျဆင်းနေကြောင်းတွေ့ရှိရပါသည်။ ထန်းကိုင်း ရေနံမှော်သို့ ဆက်လက်သွားရောက် ကြည့်ရှုခဲ့ရာ ၎င်းရေနံမြေ ဒေသအတွင်း၌ အစိုးရပိုင် MOGE နှင့် ပုဂ္ဂလိကရေနံတွင်းများ ရောနှောတူးဖော် နေသည်ကို တွေ့ရှိရပါသည်။ ဒေသခံရေနံအလုပ်သမားများ၏ ပြောကြားချက်အရ ဒဟတ်ပင် ရေနံမှော်၊ ထန်းကိုင်းရေနံမှော်တို့မှ ထွက်ရှိသောရေနံပမာဏမှာ တစ်နေ့လျှင် ပေပါစည် (၁၀၀၀) ခန့်ထွက်ရှိသည်ဟု လေ့လာတွေ့ရှိ ရပါသည်။
( ဂ ) ကော်မတီအဖွဲ့ဝင်များသည် MOGE ပိုင် ထန်းကိုင်းရေနံမြေရုံးခန်းသို့ရောက်ရှိပြီး MOGE မှတာဝန်ရှိသူများ အားတွေ့ဆုံရာ မိမိတို့ကော်မတီမှ သိရှိလိုသည်များကိုတွေ့ဆုံမေးမြန်း၍ ဌာနဆိုင်ရာဝန်ထမ်းများ၏ တင်ပြချက်များကို မှတ်တမ်းတင်ထား ပါသည်။
(ဃ) (၁၄.၆.၂၀၁၆)ရက်နေ့တွင် ကော်မတီအဖွဲ့ဝင်များသည် မင်းလှမြို့နယ်အတွင်းရှိ ကျောက်မီးသွေးထွက်ရှိရာဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ ကျောက်မီးသွေး ထုတ်လုပ်ခြင်းလုပ်ငန်းကို တရားဝင်လုပ်ကိုင်နေသော ကုမ္ပဏီ(၉)ခုခန့်ရှိကြောင်း သိရှိရပါသည်။မိုးရာသီဖြစ်ခြင်းကြောင့်တူးဖော်ထုတ်လုပ်နေသောတွင်းများသို့သွားရောက်ရန်မလွယ်ကူခြင်း၊ ကား၊ ဆိုင်ကယ်များ မဝင်ရောက်နိုင်ခြင်းတို့ကြောင့် မကြည့်ရှုခဲ့ရသော်လည်း လုပ်သားများ၏ပြောကြားချက်အရ ကုမ္ပဏီတစ်ခုအနေဖြင့် တစ်လလျှင် ကျောက်မီးသွေးတန် (၃၀၀) ခန့် ထွက်ရှိကြောင်းသိရှိရပါသည်။
( င ) ကော်မတီနှင့် တွေ့ဆုံခဲ့သော ကာပွန်စွမ်းအင်ကုမ္ပဏီ၊ ရောင်နီကုမ္ပဏီ၊ လင်းကုမ္ပဏီ စသည့် ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ရပြီး အလုပ်သမား၊ အလုပ်ရှင်၊ ကုန်သည်များနှင့်တွေ့ဆုံခဲ့ရပါသည်။ ကျောက်မီးသွေးထွက်ရှိရာဒေသမှာ မင်းလှမြို့မှ မိုင်(၄၀) ခန့် အကွာတွင် တည်ရှိပါသည်။
( စ ) ကုမ္ပဏီများအားလုံး လိုင်စင်သက်တမ်းရှိကြသော်လည်း အချို့သောကုမ္ပဏီများ မှာသတ်မှတ်ချက်များနှင့် ကွဲလွဲမှုများလည်းရှိနေပါသည်။
(ဥပမာ-ထုတ်လုပ်ခွင့်ပမာဏနှင့် အမှန်တကယ်ထုတ်လုပ်သောပမာဏကွာခြားခြင်း)။
မြိုင်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ
၄။ အောက်ပါအတိုင်းစစ်ဆေးတွေ့ရှိရပါသည် –
(က) ကော်မတီအဖွဲ့ဝင်များသည်(၁၅.၆.၂၀၁၆)ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော် များ၊ သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများကို လေ့လာကြည့်ရှုခဲ့ကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်ငယ်များ နှင့်တွေ့ဆုံမေးမြန်း ဆွေးနွေး ခဲ့ကြပါသည်။
( ခ ) မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို သွားရောက် လေ့လာခဲ့ရာတွင် မင်းလှမြို့နှင့် မတူကွဲပြားချက်များစွာ တွေ့ရှိရပါသည်။ ရေနံမှော်လုပ်ကွက်များသည် ယခင်(၂၀၀၄-၂၀၀၅)ခုနှစ်များတွင် တရားဝင်မှတ်ပုံတင်များ ရရှိခဲ့ပြီး ဆက်လက်သက်တမ်းတိုး၍ မရခဲ့သော ကာလများလည်းရှိခဲ့ပါသည်။ ရေနံမြေလုပ်ကွက်များတရားဝင်ချထား ပေးခြင်းမရှိသော်လည်းတူးဖော်ထုတ်လုပ်မှုများမှာ ရပ်နားခြင်းမရှိဘဲ ကုမ္ပဏီများက လက်ဝါးကြီးအုပ်လုပ်ကိုင်ခဲ့ကြောင်း ဒေသခံများမှ ပြောပြကြပါသည်။
( ဂ ) ဒေသခံမဟုတ်သောကုမ္ပဏီများ၏ လက်ဝါးကြီးအုပ်ဗိုလ်ကျမှုများကြောင့် ရေနံမြေ ဒေသတချို့တွင် ပဋိပက္ခအသွင်ဆောင်သော ဖြစ်ရပ်များလည်းရှိခဲ့သည်ဟုသိရှိရ ပါသည်။ ယခုအခါ မြိုင်မြို့နယ်အတွင်းရှိ ဆူးဝင်းရေနံမှော်၊နှောပင် ရေနံမှော်နှင့် ဝယ်တောင်ရေနံမှော်တို့မှာ ရေနံထွက်ရှိမှု လျော့နည်းလာနေပြီး တူးဖော်ထုတ်သူ များလည်းနည်းပါး နေကာဒေသခံများသာ ထုတ်လုပ်လျက်ရှိပါသည်။ ၎င်းရေနံမှော်များမှ တစ်နေ့လျှင်ဆီပေပါ (၁၀၀)ခန့် ထွက်ရှိသည်ဟု ဒေသခံများမှပြောပြ၍ သိရှိခဲ့ ရပါသည်။
(ဃ) တရားဝင်လုပ်ကွက်များ မရရှိခြင်းကြောင့် ဒေသခံများ ထုတ်လုပ်သယ်ယူရန်အတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး အကျင့်ပျက်ခြစားမှုများလည်း ဖြစ်ပေါ်နေ ကြောင်းသိရှိရပါသည်။
( င ) ကော်မတီအဖွဲ့ဝင်များသည် မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာတွင် ဒေသခံရေနံထုတ်လုပ် ရောင်းချဝယ်ယူသူများအားတွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲအခြေအနေမှန်များကို တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသည်။
( စ ) ထိုမှတဆင့် အစိုးရပိုင်MOGE ကျောက်ခွက်ရေနံမြေသို့ သွားရောက်ပြီး သက်ဆိုင်ရာ ဌာနအရာထမ်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ပါသည်။ တာဝန်ရှိသူများ၏ ပြောပြချက်အရ ကျောက်ခွက်ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တစ်နေ့လျှင် ရေနံဆီ(၂၇)ပေပါခန့် နေ့စဉ်ထုတ်လုပ်ပြီး သဘာဝ ဓာတ်ငွေ့များစွာ ထွက်ရှိကြောင်းနှင့် ယင်းသဘာဝ ဓာတ်ငွေ့များကို ကျွန်းချောင်း/ စလေစသောနိုင်ငံပိုင်စက်ရုံများသို့ ပို့လွှတ်ပေးကြောင်း သိရှိရပါသည်။ ကျောက်ခွက် ရေနံမြေမှ ထပ်မံတူးဖော်မည့် ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်းများ ရှိနေသေးကြောင်း လည်း သိရှိရပါသည်။
(ဆ) (၁၆.၆.၂၀၁၆)ရက်နေ့တွင် ကော်မတီအဖွဲ့ဝင်များသည် မြိုင်မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင် ကာကွယ်တောများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး သစ်ပင်ပျိုးပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို လေ့လာခဲ့ပါသည်။ သစ်တော ကြိုးဝိုင်းများအတွင်းရှိ ဒေသခံများ၏ယာမြေများကို ပုံစံ(၇) ပြုလုပ်၍မရရှိသော ကြောင့် ဒေသခံများမှ ပုံစံ(၇)လက်ဝယ်ရရှိရေးတင်ပြတောင်းဆိုမှုများ လည်းရှိနေ ကြောင်းသိရှိရပြီး သစ်တောဌာနမှလည်း နှစ်(၃၀)လုပ်ကိုင်ခွင့် ချထားပေးရန်သာ ရှိကြောင်း ပြောပြ၍ သိရှိရပါသည်။
( ဇ ) ကော်မတီအဖွဲ့ဝင်များနှင့် မြိုင်မြို့ရှိ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စက်သုံးဆီ အရောင်းဆိုင်များမှ လုပ်ငန်းရှင်ငယ်များနှင့် တွေ့ဆုံဆွေးနွေးကြပါသည်။ ဌာန ဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ဆွေးနွေးခဲ့ကြပြီး စက်သုံးဆီ အရောင်းဆိုင်များမှ လုပ်ငန်းရှင်ငယ်များအား မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ အခွန်အခများပေးဆောင်၍ ပန့်ဆိုင်ငယ်များ ဖွင့်လှစ်ရောင်းချလိုပါကြောင်း ဥပဒေနှင့်အညီ ခွင့်ပြုပေးနိုင်ပါရန် တင်ပြတောင်းဆိုကြပါသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုအပေါ် လေ့လာသုံးသပ်ချက်များ
၅။ အထက်ပါစစ်ဆေးတွေ့ရှိချက်များအရလေ့လာသုံးသပ်သည့်အခါအောက်ပါအတိုင်း သုံးသပ်ရရှိပါသည် –
(က) ရေနံမှော်များတွင် လုပ်ကွက်များကို ဒေသခံများမှ လိုင်စင်မရရှိခြင်း၊
( ခ) အာဏာပိုင် အဖွဲ့အစည်းများနှင့် နီးစပ်သူများက လက်ဝါးကြီးအုပ် ချယ်လှယ်ခြင်း၊
( ဂ ) ဒေသခံမဟုတ်သော ကုမ္ပဏီများမှ မတရားစျေးနှိမ် ဝယ်ယူခြင်း၊
(ဃ) သယ်ယူပို့ဆောင်ရာ၌ မလိုလားအပ်သော ကုန်ကျစရိတ် များရှိခြင်း၊
( င ) ဝိသမလောဘသားများကြောင့်အကျင့်ပျက်ခြစားမှုများ ပေါ်ပေါက်လာရခြင်း၊
( စ ) လက်ယက်တွင်းတိမ်များသည် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ကိုင်ဆောင်ရွက်မှု အားနည်းခြင်း၊
(ဆ) အချို့သော ရေနံတွင်းများမှာ အနက်ပေတစ်ထောင်ကျော်လွန်၍ တူးဖော်ထုတ်လုပ် ခြင်းများကို တွေ့ရှိရခြင်း၊
( ဇ ) ဒေသအတွင်းရှိ သက်ဆိုင်ရာအာဏာပိုင်များ၏ ကြီးကြပ်ကွပ်ကဲမှုအားနည်းခြင်း၊
(စျ) ရေနံလက်ယက်တွင်း တူးဖော်ထုတ်လုပ်သယ်ယူရောင်းချ နေသူများသည် ဒေသခံ အာဏာပိုင်များအား ယခင်တိုင်းဒေသကြီးအစိုးရ၏ နှုတ်မိန့်အောက်တွင် လုပ်ကိုင် ကြရသောကြောင့် တရားဥပဒေ၏ အကာအကွယ်မဲ့သို့ ရောက်ရှိနေခြင်း၊
(ည) ဒေသခံလုပ်ငန်းရှင်အချို့သည် လုပ်ငန်းလုပ်ကွက် လိုင်စင်မရှိသော်လည်း ဝင်ငွေများ ကို အခွန်ရုံးတွင် ပေးဆောင်ခဲ့သည်ကိုလည်း တွေ့ရှိခြင်း၊
( ဍ ) လုပ်ငန်းလုပ်ကိုင်သူများသည်မိမိအကျိုးစီးပွားသာမက ရပ်ကျိုးရွာကျိုးများအဖြစ် အထက်တန်းကျောင်းဆောင်သစ်ကြီးနှင့် ကျေးလက်ဆေးပေးခန်းများ၊ ရေကန်များ၊ လမ်းမကြီးများဖောက်လုပ်ထားသည်ကို တွေ့ရှိရပါသည်။
ကော်မတီ၏ အကြံပြုတင်ပြချက်
၆။ ကော်မတီ၏ အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ရေနံလုပ်ကွက်များကို ဒေသခံများအား ဦးစားပေး ချထားသင့်ပါသည်။
( ခ ) ရသင့်ရထိုက်သော အခွန်အခကောက်ခံ၍ လွတ်လပ်စွာ သယ်ယူပို့ဆောင် ခွင့်ပြုသင့်ပါသည်။
( ဂ ) အစိုးရပိုင်MOGE နှင့် ပုဂ္ဂလိကရေနံတွင်းများ သီးခြားစီ ရှိသင့်ပါသည်။
(ဃ) သယံဇာတများကိုထုတ်ယူရာတွင်သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများကိုလည်း ဂရုပြုသင့်ပါသည်။
( င ) လက်ယက်တွင်းတိမ်အဖြစ်ထွက်ရှိနေသော ရေနံမှော်များကို တရားဝင်လုပ်ကွက်များ ချထားပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးစေပြီး နိုင်ငံတော်အတွက်အခွန်အခများ ရရှိစေမည့်အပြင်အကျင့်ပျက်ခြစားမှုကိုလည်း လျော့နည်းစေနိုင်ပါသည်။
( စ ) ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအတွင်းရှိ ဒေသခံတောင်သူများ၏ယာမြေများ ပုံစံ(၇)ရရှိရေး ဆောင်ရွက် နိုင်ရန်နှင့် အကယ်၍မရရှိနိုင်ပါက တောင်သူများအား CF စနစ်အကြောင်းအသိပညာပေးသင့်ပါသည်။
(ဆ) ရေနံတူးဖော်နိုင်ရေး လုပ်ငန်းလုပ်ကွက်လျှောက်ထားရာတွင် လွယ်ကူချောမွေ့ စေရေးနှင့် လျှင်မြန်စွာလိုင်စင် ချထားပေးရေးကို ဆောင်ရွက်စေလိုပါသည်။
( ဇ ) မြိုင်မြို့နယ်တွင် ထုတ်လုပ်ပြီးသော ရေနံစိမ်းများအား အမြန်ဆုံး သယ်ယူပို့ဆောင် ရောင်းချခွင့်များ ခွင့်ပြုနိုင်ပါက ခွင့်ပြုပေးစေလိုပါသည်။
( စျ) တူးဖော်ခွင့်ပြုမိန့် မရမီကာလအတွင်း တူးဖော်ထုတ်လုပ်ခြင်းများရပ်ဆိုင်းစေရေး လိုအပ်ပါသည်။
နိဂုံး
၇။ သို့ဖြစ်ပါ၍သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ စစ်ဆေးတွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်၊ အကြံပြုတင်ပြချက်များကို လိုအပ်သလိုဆောင်ရွက် နိုင်ပါရန် ပေးပို့တင်ပြအပ်ပါသည်။
ဥက္ကဋ္ဌ
သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊
လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်