ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာကော်မတီ၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ချက်၊ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်
နိဒါန်း
၁။ မကွေးတိုင်းဒေသကြီးလွှတ်တော်သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာကော်မတီသည် ကော်မတီ၏လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများအရ (၂.၂.၂၀၁၇)ရက်နေ့မှ (၄.၂.၂၀၁၇)ရက်နေ့အထိ သရက်ခရိုင်အတွင်းရှိ မင်းတုန်းမြို့နယ်၊ သရက်မြို့နယ်နှင့် ဆင်ပေါင်ဝဲ မြို့နယ်များသို့သွားရောက်၍ ဒေသတွင်းရှိ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ကော်မတီဥက္ကဌအပါအဝင် အဖွဲ့ဝင်(၅)ဦးဖြင့် သွားရောက်လေ့လာ စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၂။ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကော်မတီသည် မကွေးတိုင်း ဒေသကြီးအတွင်း ကော်မတီနှင့်ပတ်သက်၍ တာဝန်ပေးအပ်ထားသည့်အတိုင်း လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ
၃။ အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိရပါသည် –
(က) ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် (၂.၂.၂၀၁၇)ရက်နေ့၊ နံနက်(၁၀၀၀)တွင် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကော်မတီနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံခြင်း၊ ဒေသတွင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်ပါသည်။ နေ့လယ်ပိုင်းတွင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် ပတ်ထရိုဘရူနိုင်းတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသော ရေနံရှာဖွေရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။ ထိုမှတစ်ဆင့် မင်းတုန်းမြို့နယ်အတွင်း ဖမ်းဆီးရမိထားသော သစ်များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
( ခ ) ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်(၃.၂.၂၀၁၇)ရက်နေ့တွင် သရက်မြို့သို့ရောက်ရှိခဲ့ပြီး နံနက်(၁၀၀၀)နာရီအချိန်တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် ဒေသတွင်းလုပ်ငန်းရှင် များအားလုံးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့နောက် သရက်မြို့ရှိ ထုံးကျောက် တောင်မှ ထုံးကျောက်များ ထုတ်လုပ်နေမှုနှင့် သရက် ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေ များ ထုတ်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။ ထိုမှတစ်ဆင့် ဒေသ
တွင်း တစ်နိုင်တစ်ပိုင်တူးဖော်နေသော ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။
( ဂ) (၄.၂.၂၀၁၇)ရက်နေ့တွင် ကော်မတီအဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ်သို့ ရောက်ရှိခဲ့ပြီး နံနက်(၁၀၀၀)နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ သဲ၊ ကျောက် ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့် ဒေသခံများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုမှတစ်ဆင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် သဲ၊ ကျောက် ထုတ်ယူနေမှုများအား ဒေသခံများမှ ကန့်ကွက်နေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုအပေါ်လေ့လာသုံးသပ်ချက်များ
၄။ အောက်ပါအတိုင်းသုံးသပ်ရရှိပါသည် –
(က) ကော်မတီနှင့် သက်ဆိုင်သည့်ဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိမှု၊ ထိန်းသိမ်းထားရှိမှု၊ လွှဲပြောင်းပေးအပ်မှုများကို သိရှိလေ့လာရပြီး ၎င်းသစ်များပျက်စီးဆုံးရှုံးမှု မရှိစေရန် အမြန်ဆောင်ရွက်စေခြင်း၊
( ခ ) လမ်းခင်းကျောက်ကြီးများကို ထုတ်ယူရောင်းချရာတွင် သတ်မှတ်လိုင်စင်ကြေးများ ကို ဘဏ္ဍာရေးနှစ်အလိုက် အပြေအကြေရရှိအောင် ကောက်ခံပြီး လိုင်စင်ရရှိပြီး တရားဝင်ထုတ်လုပ်နေသူများ၏ အခွင့်အရေးကို သက်ဆိုင်ရာများမှ ကာကွယ်ပေး နိုင်ရန် ဆောင်ရွက်စေခြင်း၊
( ဂ ) သရက်မြို့နယ်အတွင်းရှိ တရားမဝင်ထုတ်လုပ်နေသော ရေနံလက်ယက်တွင်းတိမ် များအား ဒေသခံများ၏ လူမှုစီးပွားအကျိုးအတွက် ရှေ့ရှု၍ ဒေသခံများကိုယ်တိုင် တစ်ပိုင်တစ်နိုင် တူးဖော်ထုတ်လုပ်နိုင်ရန် ဥပဒေနှင့်အညီ ခွင့်ပြုစေခြင်း၊
(ဃ) သရက်မြို့ ဘိလပ်မြေစက်ရုံမှ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်နေမှုကို သက်သာစေ ရန်နှင့် အရှုံးမပေါ်စေရန် နည်းလမ်းရှာကြံစေခြင်း၊
( င ) ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ သဲ၊ ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံ များအကြား ပြဿနာကြီးထွားမလာစေရန် အစီအမံများ စနစ်တကျဆောင်ရွက်သင့် ကြောင်း စသည်တို့ကို လေ့လာသုံးသပ်တွေ့ရှိရပါသည်။
ကော်မတီ၏အကြံပြုချက်များ
၅။ အောက်ပါအတိုင်း အကြံပြုတင်ပြအပ်ပါသည် –
(က) သစ်တောဦးစီးဌာနမှတရားမဝင်သစ်များ သယ်ယူပို့ဆောင်ရေးအတွက်အမှန်တကယ် ကုန်ကျစရိတ်များကို အစိုးရမှ ပြန်လည်စိစစ်ချထားပေးရန်နှင့် ဖမ်းဆီးရမိသစ်များ ပျောက်ဆုံးပျက်ဆီးမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊
( ခ ) မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် နိုင်ငံခြားကုမ္ပဏီတို့ ဖက်စပ် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးမှုရှိပါက
ဥပဒေနှင့်အညီ လျော်ကြေးများအပြည့်အဝရရှိစေရန်နှင့် ၎င်းဖက်စပ်ကုမ္ပဏီ များတွင် အလုပ်လုပ်ကိုင်ကြသော မြန်မာလုပ်သားများ၏ အခွင့်အရေးအပြည့်အဝရရှိရန်၊
( ဂ ) MOGE နှင့် နိုင်ငံခြားကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်သော လုပ်ကွက်အတွင်းရှိ ဒေသခံတို့၏ လက်ယက်တွင်းတိမ်ရေနံတူးဖော်ခြင်းအား ၎င်းဖက်စပ်ကုမ္ပဏီများ၏ သဘောတူညီမှုဖြင့် တစ်နိုင်တစ်ပိုင်တူးဖော်ခြင်းကို ဒေသခံများ၏ လူမှုဘဝတိုးတက် ရေးအတွက် ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်စေရန်၊
(ဃ) ဒေသတွင်းရှိ ကျောက်ထုတ်လုပ်ရောင်းချသူများအား စနစ်တကျလိုင်စင်ချထားပေး ပြီး လိုင်စင်ကြေးများ အပြည့်အဝပေးသွင်းစေရန်နှင့် လိုင်စင်ရရှိသူဒေသခံ ကျောက်ထုတ်သမားများ၏ အကျိုးစီးပွားကို အတတ်နိုင်ဆုံးကာကွယ်ပေးရန်၊
( င ) သရက် ဘိလပ်မြေစက်ရုံနှင့်ပတ်သက်၍ နေ့စဉ်၊ လစဉ် ထုတ်လုပ်နေပြီး ထုတ်လုပ်နေ မှုများသလောက် အရှုံးများနေသော အခြေအနေမှ လွတ်မြောက်နိုင်သော နည်းလမ်း များကို ရှာကြံ၍ အမြန်ဆုံးပြုပြင်သင့်ပါသည်။ ယနေ့အချိန်အထိ ဘိလပ်မြေ တစ်အိတ်ထုတ်လုပ်တိုင်း မြန်မာကျပ်ငွေ (၁၉၀၀) ကျပ်တိတိ အရှုံးပေါ်နေကြောင်း သိရှိရပြီး ရပ်ထားလျှင်အရှုံးပိုများမည်ဟု သိရှိခဲ့ရသဖြင့် အကောင်းဆုံး နည်းလမ်း များဖြင့် အမြန်ဆုံးဆောင်ရွက်သင့်ပါသည်။
( စ ) သရက်ခရိုင်အတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက် မြစ်သဲ၊ ကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် စနစ်တကျလိုင်စင်ချထားပေးပြီး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် ၎င်းလုပ်ငန်းကြောင့် ဒေသခံများ၏အကျိုးစီးပွားများ ထိခိုက်ပျက်စီးရမှုများရှိနေ၍ ကန့်ကွက်မှုများ ကြီးထွားလာနေသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် မိမိတို့ကော်မတီအနေဖြင့် မြစ်သဲ၊ ကျောက်များထုတ်ယူ ရန်အတွက် လိုင်စင်ချထားပေးခြင်း၊ ထုတ်လုပ်ရန်နေရာသတ်မှတ်ခြင်း၊ ထုတ်လုပ် ခြင်း စသည့်ကိစ္စအရပ်ရပ်ကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ပညာရှင်အဖြစ် မြစ်ချောင်းဖြိုးဌာန၊ သက်ဆိုင်ရာဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ များအားကိုယ်စားပြုသူ ရပ်မိရပ်ဖများ ပါဝင်သော မြစ်သဲကျောက်ထုတ်လုပ်သူများ ကြီးကြပ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သင့်သည်ဟု အကြံပြုတင်ပြပါ သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ခွင့်ပြုမိန့်ချထားပေးသူ အာဏာပိုင် အဖွဲ့အစည်း များနှင့် ကော်မတီတို့အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် မသမာမှုများကိုလည်း တားဆီးရာ ရောက်နိုင်ပါကြောင်း အကြံပြုတင်ပြရခြင်းဖြစ်ပါသည်။
နိဂုံး
၆။ သို့ဖြစ်ပါ၍ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီသည် ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်၊ အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်နိုင်ပါရန် လွှတ်တော်မှတစ်ဆင့် ပေးပို့တင်ပြအပ်ပါသည်။
သောင်းရွှေ
ဥက္ကဋ္ဌ
သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်
စွမ်းအင်ဆိုင်ရာကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်