ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးသို့တင်သွင်းသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်
နိဒါန်း
၁။ မကွေးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို (၇.၉.၂၀၁၆)ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဒသမနေ့)တွင် လွှတ်တော်၏အတည်ပြုချက်အရ ကော်မတီ ဝင်(၇) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
၂။ ကော်မတီသည် ဖွဲ့စည်းမှုပါလုပ်ငန်းတာဝန်များအရ တိုင်းဒေသကြီးအတွင်းရှိ ကော်မတီနှင့် သက်ဆိုင်သည့် တက္ကသိုလ်များ၊ ဆေးရုံများ၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံရန် အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ဤအစီရင်ခံစာသည် ကော်မတီ၏ကွင်းဆင်းလေ့လာ တွေ့ရှိမှုများကို စုစည်း၍ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၆ နှင့် အညီ လွှတ်တော်သို့တင်သွင်းခြင်းဖြစ်ပါသည်။
ရည်ရွယ်ချက်
၃။ ကော်မတီ၏အစီရင်ခံစာပါအကြံပြုတင်ပြချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖြစ်ပါသည်။
ကွင်းဆင်းဆောင်ရွက်ခြင်း
၄။ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် (၁၇.၁၀.၂၀၁၆) ရက်နေ့မှ (၁၉.၁၀.၂၀၁၆)ရက်နေ့အထိ မကွေးမြို့နယ်ရှိ မကွေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ပညာရေးကောလိပ်၊ တိုင်းပညာရေးမှူးရုံး၊ တိုင်းအာ/ကာ၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းဆေးရုံ၊ သင်ကြားရေးဆေးရုံနှင့် လူမှုရေးအသင်းများဖြစ်သည့် ကရုဏာရှင်များနာရေး ကူညီမှုအသင်း၊ ပါရမီ(သွေး)အသင်းနှင့် စည်ဖြိုးသူဖောင်ဒေးရှင်းအသင်းများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
၅။ (၁၈.၁၁.၂၀၁၆) ရက်နေ့မှ (၂၀.၁၁.၂၀၁၆)ရက်နေ့ထိ သရက်ခရိုင်အတွင်းရှိ မင်းလှမြို့နယ်၊ သရက်မြို့နယ်နှင့် မင်းတုန်းမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ လူမှုကူညီရေးပရဟိတအသင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
၆။ (၂၆.၁၂.၂၀၁၆)ရက်နေ့မှ (၂၈.၁၂.၂၀၁၆)ရက်နေ့အထိ မြို့သစ်မြို့နယ်၊ ချောက်မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်ရှိ အ.ထ.ကကျောင်းများ၊ ဆေးရုံများ၊ လူမှုရေးအဖွဲ့များ အခြေပြုသည့်နေရာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အကြံပြုတင်ပြချက်များ
၇။ ကော်မတီနှင့်သက်ဆိုင်သည့်တက္ကသိုလ်များ၊ ဆေးရုံများ၊ လူမှုရေးအဖွဲ့အစည်းများသို့ ကွင်းဆင်းရာမှ စိစစ်လေ့လာတွေ့ရှိချက်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြမှုများအရ အောက်ပါအတိုင်းအကြံပြုတင်ပြအပ်ပါသည်-
(က) မကွေးတက္ကသိုလ်ပတ်ဝန်းကျင် လျှပ်စစ်မီးရရှိရေး၊ လမ်းများကောင်းမွန်ရေး၊ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးပါရန်၊
( ခ ) မကွေးဆေးတက္ကသိုလ်တွင် သင်ကြားရေးဆရာ/ဆရာမအင်အားတိုးချဲ့ခန့်ထားပေးရေး၊ ဘွဲ့လွန်သင်တန်းခေါ်ယူရာတွင် ဒေသခံဆရာဝန်များကို ဦးစားပေးခေါ်ယူရေး၊ သင်ကြားရေး/အုပ်ချုပ်ရေးဝန်ထမ်းများအား ပြည်တွင်း/ပြည်ပ ဆေးတက္ကသိုလ်များသို့ စေလွှတ်ရာတွင် အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ပေးပါရန်၊
( ဂ ) ဆေးတက္ကသိုလ်ကျောင်းကြို/ပို့ယာဉ်များ၏ ယာဉ်စီးခနှုန်းထားမှာကျောင်းသား(၁) ဦးလျှင် တစ်နှစ်စာကျပ်(၈၀၀၀၀)ဖြစ်သည့်အတွက် လျော့ချပေးရန်နှင့် သုတေသန ဌာနများတည်ထောင်ဖွဲ့စည်းဆောင်ရွက်ပေးပါရန်၊
(ဃ) မကွေးတိုင်းဆေးရုံတွင် ဝန်ထမ်းအင်အားထပ်မံဖြည့်ဆည်းပေးရေး၊ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ကျေးလက်ဒေသများအထိရောက်ရှိ အောင်ဆောင်ရွက်ပေးရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေ ဖြင့် ဥပဒေပိုင်းဆိုင်ရာတွင် အားနည်းချက်များရှိသည့်အတွက် သက်ဆိုင်ရာမှ ဖြည့်ဆည်းဆောင်ရွက်ပေးပါရန်၊
( င ) အခြေခံကျန်းမာရေးဝန်ထမ်းများ၏ ၈၃ % မှာတာဝန်ကျဒေသများတွင် နေထိုင်ရန် အခက်အခဲများစွာရှိသည့်အတွက် ဝန်ထမ်းလိုင်းခန်းများတိုးချဲ့ဆောက်လုပ်ပေးပါရန်၊
( စ ) ရေရှားပါးသောဒေသများတွင် ကူးစက်ရောဂါဖြစ်ပွားမှုနှုန်းများပြားသည့်အတွက် သောက်သုံးရေဖူလုံစွာရရှိရေးသက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးပါရန်၊
(ဆ) ကျောင်းကျန်းမာရေးဌာနများကိုလည်း ဝန်ထမ်းအင်အားတိုးချဲ့၍ အဆင့်မြှင့်တင်
ဆောင်ရွက်ပေးရန်နှင့် သူနာပြု၊ သားဖွားဆရာမများ၏ ဝတ်စုံစရိတ်ရရှိငွေမှာ အလွန်နည်းပါးသည့်အတွက် ဝတ်စုံစရိတ်တိုးမြှင့်ရရှိရေး ဆောင်ရွက်ပေးပါရန်၊
( ဇ ) တိုင်းဆေးရုံရှိ အညစ်အကြေးများထုတ်သည့်စက်မှာ ပိုက်လိုင်းတစ်လျှောက် ယိုထွက်မှုများရှိပြီး အညစ်အကြေးကန်ကြီးမှာလည်း ပြည့်လျှံနေသည့်အတွက် အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးပါရန်၊
(ဈ) မကွေးသင်ကြားရေးဆေးရုံတွင် ဘာသာရပ်အလိုက် ဆရာဝန်များနှင့် အထူးကု ဆရာဝန်များ မလုံလောက်သည့်အတွက် ဖြည့်ဆည်းခန့်ထားပေးရေး၊ အမှုထမ်း ဝန်ထမ်းများလစ်လပ်နေမှုအား ဖြည့်ဆည်းခန့်ထားပေးရေး၊ ၂၄ နာရီ လျှပ်စစ်မီး မရရှိမှု၊ ဝန်ထမ်းအိမ်ရာမလုံလောက်မှုနှင့် ဆေးရုံတွင် သောက်သုံးရေလုံလောက်စွာ မရရှိမှုများအား ဖြေရှင်းဆောင်ရွက်ပေးပါရန်၊
(ည) မင်းလှမြို့နယ် အခြေခံပညာအဆင့် ဆရာ၊ ဆရာမများ၏ အပြောင်းအရွှေ့ တန်းစီဇယားကို ပညာရေးမှူးရုံးတွင် ကပ်ထားပေးပါရန်။ ကျောင်းဆရာ၊ ဆရာမ များ၏ လစာထုတ်ရက်တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကျန်းမာရေးပညာပေး ဆွေးနွေးပွဲများအား ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
( ဋ ) မင်းလှမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကွန်ပျူတာနှင့် အားကစား ပစ္စည်းများ ထပ်မံထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးပါရန်။ ရှေးဦးသူနာပြု ကြက်ခြေနီသင်တန်းများကို အခြေခံပညာရေးကျောင်းများတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးပါရန်။ မင်းလှမြို့နယ် နာရေးကူညီမှုအသင်းများအနေဖြင့် မကွေးမြို့နယ်ရှိ နာရေးကူညီမှုအသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ပေး ပါရန်၊
( ဌ ) မင်းလှမြို့နယ်ရှိ ပုဂ္ဂလိကကျောင်းများရှိ ဆရာ၊ ဆရာမများအား အစိုးရပညာရေး ဝန်ထမ်းဆရာ၊ ဆရာမများနှင့်ချိတ်ဆက်၍ သင်ကြားရေး၊ လေ့ကျင့်ရေးများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးရန်၊
( ဍ ) သရက်မြို့နယ်ရှိ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်မြေနေရာရရှိရေး အတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးပါရန်၊
( ဎ ) သရက်မြို့နယ်အတွင်း လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ပညာပေးလုပ်ငန်း များဆောင်ရွက်ခြင်းနှင့် အရေးယူမှုများဆောင်ရွက်ပေးပါရန်၊
(ဏ) မင်းတုန်းမြို့နယ်ရှိ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်အစိုးရမှ ချမှတ်ဆောင်ရွက် လျက်ရှိသော မူဝါဒများအား အောက်ခြေဝန်ထမ်းအဆင့်အထိ သိရှိစေနိုင်ရေး ရှင်းလင်းချပြဆောင်ရွက်ပေးပါရန်။ မင်းတုန်းမြို့နယ်တွင် ပညာရေး၊ ကျန်းမာရေး အဖွဲ့များဖွဲ့စည်း၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေး ပါရန်၊
(တ) မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းအင်အား၊ ဝန်ထမ်းအိမ်ရာများ၊ ဆေးဝါး နှင့် ဆေးရုံသုံးပစ္စည်းများ ပြည့်စုံစွာရရှိရေး အထက်ဌာနများနှင့် အချိန်မီချိတ်ဆက် ဆောင်ရွက်ပေးပါရန်။ မင်းတုန်းမြို့နယ်တွင် ကြက်ခြေနီရုံးများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးပါရန်၊
(ထ) မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသအထိ ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးစောင့်ရှောက်မှု၊ ကာကွယ်ဆေး ထိုးမှု၊ ပညာပေးဟောပြောပွဲများပြုလုပ်မှုတို့ကို လစဉ်ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးပါရန်။ အခြေခံပညာ ပညာရေးဝန်ထမ်းများ၏ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှု အဆင်ပြေစေရေးအတွက် ဝန်ထမ်းအပြောင်းအရွှေ့အား နွေရာသီကျောင်းပိတ်ချိန်တွင် ဆောင်ရွက်ပေးနိုင် ပါရန်၊
( ဒ ) မြို့သစ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကာယနည်းပြဆရာများ လိုအပ်နေ ပါသဖြင့် ခန့်ထားပေးနိုင်ပါရန်နှင့် ကျောင်းဝန်းကျင်သန့်ရှင်းရေးအတွက် စည်ပင် သာယာရေးဦးစီးဌာနမှ အမှိုက်သိမ်းယာဉ်များ ပုံမှန်လာရောက်ဝန်ဆောင်မှုပေးနိုင် ပါရန်။ ပုဂ္ဂလိကကျောင်းများအနေဖြင့် သတ်မှတ်ထားသော အခွန်အခများအား အပြည့်အဝပေးဆောင်စေရေး ကြပ်မတ်ဆောင်ရွက်ပေးရန်၊
( ဓ ) ချောက်မြို့နယ်တွင် ဆေးလိပ်၊ ကွမ်း၊ အရက် ကင်းစင်ရေး ပညာပေးဟောပြောမှုများ ပြုလုပ်ရာတွင် ဆရာဝန်များပါဝင်နိုင်ရေး ဆောင်ရွက်ပေးပါရန်၊
( န ) ဆိပ်ဖြူမြို့နယ်၏ ဘတ်ဂျက်ခွဲဝေချထားရာတွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနအတွက် ပါဝင်မှုရှိစေရေး ဆောင်ရွက်ပေးပါရန်။
နိဂုံး
၆။ ဤအစီရင်ခံစာသည် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တိုင်းဒေသကြီးအတွင်းရှိ ကော်မတီနှင့်သက်ဆိုင်သောဌာန၊ အဖွဲ့အစည်းများသို့ ကွင်းဆင်း ဆောင်ရွက်ရာမှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၏တင်ပြချက်များနှင့် ကော်မတီ၏လေ့လာတွေ့ရှိချက်များအားတင်ပြခြင်းဖြစ်ရာ အစီရင်ခံစာပါအကြံပြုတင်ပြချက်များအား တာဝန်ရှိအဖွဲ့အစည်းများမှ အတတ်နိုင်ဆုံးအောင်မြင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ကော်မတီ၏လုပ်ငန်းတာဝန် များ အောင်မြင်မည်ဖြစ်ပြီး သက်ဆိုင်ရာတက္ကသိုလ်များနှင့် ဆေးရုံများတွင် နေ့စဉ်နှင့်အမျှ ဆောင်ရွက်နေရသောလုပ်ငန်းခွင်၌ အဆင်ပြေချောမောစွာဆောင်ရွက်နိုင်ပြီး ထိရောက်အောင်မြင်မှု များ ရရှိနိုင်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
ပညာရေး၊ ကျန်းမာရေးနှင့်
လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်