ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီ၏ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ

ဒုတိယအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ မေလ( ၁၁ )ရက်

နိဒါန်း

၁။        မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပခြင်းဆိုင်ရာ လေ့လာညှိနှိုင်းရေး ကော်မတီကို မတ်လ(၁၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်၏အတည်ပြုဆုံးဖြတ်ချက်ဖြင့် တာဝန်ပေးအပ်ခံရပြီး ပထမအကြိမ် ကော်မတီအစည်းအဝေးကို (၁၇.၃.၂၀၁၆) ရက်နေ့တွင် လွှတ်တော် ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးဆုံးဖြတ်ချက်အရ မန်းရွှေစက်တော် ဘုရားပွဲတော် အတွင်းရှိ နမ္မဒါဧည့်ရိပ်သာ ထမင်းစားဆောင်၌ မန်းရွှေစက်တော် ​ဂေါ်ပကဥက္ကဋ္ဌ အပါအဝင် ဂေါပကအဖွဲ့နှင့် နံနက်ပိုင်းတွင်လည်းကောင်း စျေးသူစျေးသားများ တည်းခိုဆောင်လုပ်ငန်းရှင် များအချို့နှင့်လည်း နေ့လည်ပိုင်းတွင်တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

၂။        ထိုတွေ့ဆုံညှိနှိုင်းပွဲတွင် ဂေါပကအဖွဲ့နှင့် တွေ့ဆုံရာ၌ ကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ခေါင်းစဉ်(၅)ခုနှင့် မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ ဂေါပကအဖွဲ့၏ သဘောထားရယူခြင်း များကို ပြုလုပ်ခဲ့ပါသည်။ ထို့အတူ နေ့လည်ပိုင်း(၃)နာရီတွင် စျေးသူစျေးသားများတည်းခိုဆောင် ပိုင်ရှင်အချို့နှင့် တင်ဒါလုပ်ငန်းရှင်အချို့အား တွေ့ဆုံမေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊  ၎င်းတို့၏သဘေားထား မှတ်ချက် များရယူခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံပြီး ကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို (၃၁.၃.၂၀၁၆)ရက်နေ့မှာကျင်းပကာ ကော်မတီဝင်များက တာဝန်အရလေ့လာသုံးသပ်မှုများကို ပြုလုပ်နိုင်ရန် အတွက် ပွဲတော်တွင်းကွင်းဆင်း၍ တွေ့ရှိချက်များအား အစီရင်ခံစာပြုစုတင်ပြစေပြီး ကော်မတီဥက္ကဋ္ဌမှ တာဝန်ယူကာ ယခုအစီရင်ခံစာကို ပြုစုနိုင်ခဲ့ပါသည်။ ကော်မတီ၏ သုံးသပ်တွေ့ရှိချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

ကော်မတီ၏လေ့လာသုံးသပ်တွေ့ရှိချက်များ

၁။        ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးမိဘပြည်သူများအတွက် တည်းခိုဆောင်စျေးနှုန်းကြီးမြင့်မှုကို လျော့ချနိုင်ဖို့အတွက်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် မင်ဘူး/စကုမြို့နယ်၊ ငဖဲမြို့နယ်၊ ကိုယ်စားလှယ်များ လိုက်ပါသော ခရီးစဉ်တွင်ထောက်ပြပြုပြင်ခိုင်းခြင်းနှင့် ကော်မတီမှစျေးနှုန်းလျော့ချရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိ တည်းခိုဆောင်လုပ်ငန်းရှင်များအား ကြီးကြပ်စစ်ဆေးမှုများပြုလုပ်နိုင်စေရန် အကြံပြုတိုက်တွန်းခဲ့ ခြင်းများကိုလည်း ဂေါပကအဖွဲ့မှ ထိရောက်သောကြီးကြပ်မှု ဖြေရှင်းမှုမပြုလုပ်ခြင်း၊

၂။        ပွဲတော်လာဘုရားဖူးယာဉ်များ၊ ယာဉ်ဝင်ကြေးကောက်ခံမှုကိုလည်း သတ်မှတ်နှုန်းထားထက် ကျော်လွန်ကောက်ခံမှုများရှိသည်ကို ထိန်းချုပ်ပြုပြင်နိုင်မှုမရှိခြင်း၊

၃။        ပွဲတော်တွင်း ကျန်းမာသန့်ရှင်းရေးကိစ္စများတွင်လည်း စျေးသည်မိသားစုများနှင့် ဘုရားဖူးများ အတွက် နေပျော်သောပတ်ဝန်းကျင် ဖြစ်စေရန် ဆောင်ရွက်နိုင်ခြင်းမရှိသည်ကိုလည်း တွေ့ရှိရပါသည်။

၄။        ပွဲတော်တွင်း ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်၍လည်း ပွဲတော်တွင်း၏ ပကတိမြေဧရိယာ အချိုးအစားနှင့် လမ်းနယ်နိမိတ်အတိုင်းအထွာတို့ကို တွက်ချက်၍ဆိုင်ခန်းများတည်းခိုဆောင်များ ပျံကျစျေး သည်များ၊ စားသောက်ဆိုင်များကို စနစ်တကျချထားရေး၊ ကြိုတင်တွက်ဆမှုမရှိသည့်အပြင် အဂတိအမျိုးမျိုးဖြင့်   နေရာချထားခြင်းများကြောင့်    ယာဉ်ကြောပိတ်ဆို့မှုများ   မကြာခဏဖြစ်ပွားသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် ဘုရားဝတ္တကမြေအတွင်း တည်းခိုဆောင်ပိုင်ရှင်များမှ မိမိတို့ တည်းခိုဆောင် များ၏ မျက်နှာစာ၊ နောက်ဘက်၊ ဝန်းကျင်နေရာများကို ကိုယ်ပိုင်မြေနေရာများကဲ့သို့ရောင်းချ၍ မတော်လောဘ ပြုလုပ်ထားသည်ကို သိရှိပါလျက် ဂေါပကအဖွဲ့အနေဖြင့် လစ်လျှူရှုထားခြင်းကြောင့် ဘုရားပွဲတော်လာဘုရားဖူးများအတွက် စိတ်အနှောက်အယှက်ဖြစ်စေခြင်း၊ မလိုလားအပ်သောလူမှုပြဿနာ များ ဖြစ်ပွားရခြင်းများကိုလည်းတွေ့သိ၊ ကြားသိရပါတယ်။

၅။        တင်ဒါတွင် မပါဝင်သော လုပ်ငန်းများချထားမှုနှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ကိုလည်း တွေ့ရှိရပါသည်။

၆။        ဘုရားဖူးပြည်သူများအတွက် ဘုရားဖူးခြင်းအပြင် ကိုယ်စိတ်အပန်းဖြေခြင်းငှာ မန်းချောင်းရေ ချိုးခြင်းသည်လည်း ဘုရားဖူးများအတွက် ထူးခြားသောအခွင့်အရေးတစ်ရပ်ဖြစ်သည်နှင့်အညီ အန္တရာယ် ကင်းစွာရေချိုးနိုင်ရန်နှင့် မန်းချောင်းအလှ ထိန်းသိမ်းထားနိုင်ရန်သည် ဂေါပကအဖွဲ့၏ တာဝန်ဖြစ် သော်လည်း မန်းချောင်းအတွင်း တည်းခိုဆောင်များကွမ်းယာဆိုင်များ ရေစီးရေလာပိတ်ဆို့သည်ထိ ဖွင့်လှစ် လာသည်ကို သိပါလျက်နှင့် အဂတိအမျိုးမျိုးကြောင့်တားမြစ်ရန် ပျက်ကွက်သည်ကိုလည်းတွေ့ရှိရပါသည်။

၇။        ဘုးရားကြီး၏ ဘဏ္ဍာတော်ငွေပြည့်စုံပါလျက် ဘုးရားဖူးများ အတွက်ကြည်ညိုသဒ္ဒါတရား ပွားများနိုင်စေရန် စိတ်ချမ်းမြေ့စွာ ဖူးမြှော်နိုင်စေရန်အတွက် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ အပါအဝင်   စောင်းတန်းများ၊   တန်းဆောင်းတော်များ၊  အရံစေတီများတွင် မီးအလှဆင်ထွန်းခြင်းများကို ဘာသာရေးရှု့ထောင့်မှ တွက်ဆ၍ ဆောင်ရွက်ခြင်းမရှိသည်ကိုလည်း တွေ့ရှိရပါသည်။

၈။        ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးများ၏ လက်ဝတ်ရတနာ များအပါအဝင် ပစ္စည်းပျောက်ရှမှု များ အကြိမ်ကြိမ်ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ လုံခြုံရေးရှုထောင့်မှ ကြိုတင်စိစစ်ကွပ်ကဲမှု၊ စည်းကမ်း ထုတ်ပြန်မှု၊ လက်တွေ့ကွင်းဆင်းကြီးကြပ်မှုများ အားနည်းသည်ကိုလည်းတွေ့ရှိရပါသည်။

မှတ်ချက်။       ဝန်ထမ်းအင်အား၊ ရဲတပ်ဖွဲ့၊ လုံခြုံရေးအင်အား အခက်အခဲကြောင့် လုံခြုံရေးစည်းမျဉ်း စည်းကမ်းများ စနစ်တကျထုတ်ပြန်မထားခြင်းကြောင့်လည်း လုံခြုံရေးတာဝန်ရှိသူများအတွက် အခက်အခဲ လည်းဖြစ်နိုင်ပါတယ်။

၉။        တောင်ပေါ်တောင်အောက် ယာဉ်လိုင်းများပြေးဆွဲမှုနှင့် ပွဲတော်တွင်းယာဉ်များ မော်တော်ဆိုင်ကယ် များကို စနစ်တကျ ကိုင်တွယ်ထိန်းချုပ်မှု အားနည်းခြင်း၊ ပွဲတော်ကွင်းဧရိယာနှင့် ပွဲတော်လာယာဉ် အရေအတွက် အချိုးအစားမမျှတခြင်းစသည်တို့ကြောင့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ ပြည့်ကြပ် ပိတ်ဆို့မှုများ မကြာခဏဖြစ်ကာ ဘုရားဖူးများအတွက် စိတ်အနှောက်အယှက် ဖြစ်ရသည်ကို တွေ့ရှိရ ပါတယ်။

၁၀။      ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် မကိုက်ညီသော တင်ဒါအမျိုးအစားများကိုလည်း တွေ့ရှိရ ပါသည်။ (ဥပမာ- ညောင်ထောက်၊ ရေချမ်း စင်များ၊ နတ်ကွန်းများစသည့် အလှူခံဌာနများ) အထက်ပါ တွေ့ရှိချက်များ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်ဟု သုံးသပ်တွေ့ရှိရပါသည်-

(က)     တင်ဒါလုပ်ငန်း(၅၂)မျိုးအပြင် တင်ဒါစာရင်းတွင် မပါဝင်ဘဲ အဂတိတစ်မျိုးမျိုးဖြင့် လုပ်ငန်းချထားခြင်းများကို ဂေါပကအဖွဲ့မှ ဆောင်ရွက်ခဲ့ ခြင်းနှင့် တည်းခိုဆောင် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါစည်းကမ်းများအတိုင်းဆောင်ရွက်ခြင်းမရှိသည်ကိုလည်း ကြီးကြပ်စစ်ဆေးခြင်း၊ ဖြေရှင်းခြင်းများကို ပြုလုပ်ရန် ဂေါပကအဖွဲ့မှ ပျက်ကွက်ခဲ့သည်ကို တွေ့ရှိရပါသည်။

( ခ )     ဂေါပကဖွဲ့စည်းပုံအရ အဖွဲ့ဝင်အင်အားနည်းခြင်းကြောင့် ပွဲတော်တွင်းတာဝန်ချထားမှု အင်အားမလောက်ခြင်း ကြီးကြပ်စီမံကွပ်ကဲမှု ပြုလုပ်ရာတွင်လည်း မူဝါဒ၊ စည်းကမ်း၊ လုပ်ပိုင်ခွင့်များ၊ ညွှန်ကြားချက်များ တိတိ ကျကျ ပြဌာန်းပေးထားခြင်းမရှိသောကြောင့် ဂေါပကအဖွဲ့ဝင်များသည် ပွဲတော်တွင်း ပြဿနာများကို လက်တန်းတိုးနည်းများဖြင့် ဖြေရှင်းနေရသည်ကို တွေ့ရှိရပါသည်။

( ဂ )     ဂေါပကအဖွဲ့ဖွဲ့စည်းပုံတွင် ခရိုင်အုပ်ချုပ်ရေးမှူးသည် ဥက္ကဋ္ဌဖြစ်သလို ခရိုင်အဆင့် ဌာနဆိုင်ရာအရာရှိကြီးများက ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက်ချနိုင်သော နေရာများတွင် နေရာယူထားသော်လည်း တင်ဒါလုပ်ငန်းများချထားသည့် လုပ်ငန်းစဉ်များကိုသာ ကြီးကြပ် ဆောင်ရွက်ခဲ့သည်ဟုသာ သိရှိရပြီးပွဲတော်တွင်းကာလ ကြီးကြပ်မှုတွင် အားနည်းခြင်း လက်တွေ့ဆောင်ရွက်ရသော အရပ်သားဂေါပကအဖွဲ့ဝင်များနှင့် ချိတ်ဆက်ဖြေရှင်းမှု လက်တွေ့ မကျခြင်း၊ ထို့အပြင် အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာအရာရှိ များသည် တာဝန်အရ ပြောင်းရွှေ့လာသူများဖြစ်၍ ဒေသအကြောင်း၊ ပွဲတော်အစဉ်အလာအကြောင်း၊ ဖြစ်ပွားလေ့ ရှိသည့်ပြဿနာများ အကြောင်းတို့ကို သေချာစွာမသိရှိခြင်း တို့ကြောင့်လည်း အရပ်သား ဂေါပကများနှင့် ဆုံးဖြတ်လုပ်ကိုင်ရာတွင်လည်းကောင်း၊ ပူးတွဲဆောင်ရွက်ရာ၌လည်းကောင်း၊ ပြဿနာများ၏အဖြေများကိုပြေလည် စွာဖြေရှင်းရာတွင် အဆင်ပြေချောမွေ့မှု မဖြစ်သည်ကို တွေ့ရှိရပါသည်။ ထိုအခက်အခဲနှင့်ပတ်သက်၍ ထင်ရှားစွာသုံးသပ်လိုသည်မှာ ဂေါပက ဥက္ကဋ္ဌအပါအဝင်၊ ခရိုင်အဆင့်အရာရှိ၊ ဂေါပကအဖွဲ့ဝင်များသည် မိမိတို့၏ ဌာနဆိုင်ရာ အလုပ်များကို ပင်မလုပ်ငန်းအဖြစ် စီမံကွပ်ကဲမှုပြုနေရသည့် အချိန်နှင့်တစ်ပြိုင်နက် ဘုရားပွဲတော်အတွင်း ဖြစ်ပွားလေ့ရှိသော ပြဿနာများ ဖြေရှင်းရမည့် အချိန်တူညီနေပါက မည်သို့မျှ အကျိုးမရှိနိုင်သည်ကို သုံးသပ်တွေ့ရှိရပါတယ်။

(ဃ)     အဓိကအကျဆုံးအချက်မှာ မန်းရေွှစက်တော်ဘုရား ဂေါပကစည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ ဖွဲ့စည်းပုံ၊ (ပွဲတော်ခင်းကျင်းခြင်းဆိုင်ရာ၊ ဘဏ္ဍာတော်ထိန်းသိမ်းခြင်းဆိုင်ရာ ဂေါပက အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ ခံစားခွင့်ဆိုင်ရာ ပွဲတော်တွင်းတင်ဒါလုပ်ငန်းများဆိုင်ရာ ဘာသာရေး၊ ယဉ်ကျေးမှု၊ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေး၊ သစ်ဝါးမပြုန်းတီးရေး ကာကွယ်ခြင်းဆိုင်ရာ၊ လုံခြုံရေး၊ ကျန်းမာသန့်ရှင်းရေး၊ ပွဲတော်ဈေးဆိုင်အခွန် အခများဆိုင်ရာ)စသည့် စည်းမျဉ်း၊ စည်းကမ်းများသည် ခေတ်နှင့်မလျော်ညီခြင်း လက်တွေ့အခြေအနေများအပေါ် အကျိုး သက်ရောက်မှုကောင်းစွာ စီမံခန့်ခွဲနိုင်ရန် ပံ့ပိုးမှုမဖြစ်သည်ကို တွေ့ရှိရပါတယ်။

( င )     မန်းရွှေစက်တော်ဘုရားပွဲတော် တည်းခိုဆောင်ဈေးနှုန်းကြီးမြင့်မှုဖြစ်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ တည်းခိုဆောင်လုပ်ငန်းရရှိသူများက တင်ဒါစည်းကမ်းများ လိုက်နာ ခြင်းမရှိပါ။ တစ်ဆင့်ပြန်လည်ရောင်းချခြင်းကြောင့်ဖြစ်ပါတယ်။ (၁၂)ခန်းတွဲပါ တဲတစ်လုံး ၏မြေနေရာ(၂၀၁၆ခုနှစ်)ပေါက်ဈေးသည် သိန်း(၇၀)မှ သိန်း(၁၀၀)ဝန်းကျင်ထိ လုပ်ငန်း ရရှိသူများမှ ဈေးခေါ်ရောင်းချခြင်းများကို ဂေါပကအဖွဲ့မှ သိရှိပါလျက် စည်းကမ်းပိုင်းအရ ကိုင်တွယ်ဖြေရှင်းမှု ပြုလုပ်ခြင်းမရှိသည်ကိုတွေ့ရှိရပါသည်။ တစ်ဦးတစ်​ယောက်၊ အုပ်စုဖွဲ့၍  တည်းခိုဆောင်မြေနေရာအများစုကိုဝယ်ယူ၍ ပွဲတော်တွင်းကာလ တည်းခိုဆောင်စျေးနှုန်း ကစားခြင်းကို ပြုလုပ်လာနိုင်သည်ကို သိရှိပါလျက် မျက်ကွယ်ပြုထားခြင်း၊ (တည်းခိုဆောင်လုပ်ငန်းအများစု ဝယ်ယူလုပ်ကိုင်သူများကို ကန့်သတ်သွားရန်လိုအပ်သည်ဟုတင်ပြလို ပါတယ်။ ထို့အတူ ဘုရားရွာထွေ/အုပ်စာရေးသည် တည်းခိုဆောင်မြေနေရာ အရောင်းအဝယ် လုပ်ရာတွင် ပွဲစားကဲ့သို့ ဦးဆောင်ကြိုးပမ်းနေခြင်းကိုလည်း တွေ့ရှိရပါသည်။

(ဃ)     သို့ဖြစ်ပါ၍ မန်းရွှေစက်တော်ဘုရားပွဲတော်သည် ဗုဒ္ဓ၏ခြေတော်နှစ်ဆူ ကိန်းဝပ်စံပယ်တော် မူသည့် နေရာဌာနဖြစ်သည်နှင့်အညီ ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ် ထားရာနေရာ ဖြစ်ပါသည်။ ထိုမွန်မြတ်သောနေရာဌာန ပရဝုဏ်အတွင်း၌ ရှေးအစဉ်အလာ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ဘုရားပွဲတော်ခင်းကျင်းခြင်းကြောင့် နိုင်ငံတော်နှင့်ဒေသတွင်းပြည်သူများ အကျိုးစီးပွားနှင့် ဘုရားကြီး၏ သာသနိကအဆောက်အဦးများ၊ အရှည်သဖြင့် တည်တံ့ စေရန် ထိန်းသိမ်းပြုပြင်ရန် အကျိုးတရားများရရှိသည်မှန်သော်လည်း၊ ဘာသာတရား ရှု့ထောင့်မှလည်းကောင်း၊ တစ်မျိုးသားလုံး၏ ဂုဏ်သိက္ခာရှု့ထောင့်မှလည်းကောင်း၊ ဆင်ခြင်ရန်မှာ ဘုရားပွဲတော်ကျင်းပခြင်းဆိုင်ရာ လုပ်ငန်းများတွင် ဘုရားပွဲတော်ကို အကြောင်းပြုလျက် ဝိသမလောဘသားတို့၏ အကျိုးစီးပွားဆိုင်ရာ အခွင့်အလမ်းအနေဖြင့် ကျင်းပရန်ထက် ဘုရားဖူးများအတွက်ဝန်ဆောင်မှုသဘောဆန်သော အမြင်သဘောထားဖြင့် ပြောင်းလဲကျင်းပရန် အောက်ပါအကြံပြုချက်များကို အကောင်အတည်ဖော်ပြောင်းလဲ သွားနိုင်ရေးအတွက် လေးစားစွာလွှတ်တော်သို့ တင်ပြအပ်ပါတယ်။

ကော်မတီ၏ အကြံပြုချက်များ

၁၁။      ကော်မတီ၏ အကြံပြုချက်များအပိုင်းတွင်ရေရှည်ဆောင်ရွက်ရန် အကြံပြုချက် များနှင့် လတ်တလောဆောင်ရွက်သင့်သည့် အကြံပြုချက်များဟူ၍(၂)ပိုင်း တင်ပြသွားမှာဖြစ်ပါတယ်။

ရေရှည်ဆောင်ရွက်အချက်များ

(၁)       ကော်မတီဝင်များ၏အကြံပြုသုံးသပ်ချက်များကိုအလေးထားဆောင်ရွက်ရန်၊ (ကော်မတီဝင်များ၏ အစီရင်ခံစားများကို ပူးတွဲတင်ပြအပ်ပါသည်။)

(၂)       ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းအသစ်ကို တိုင်းဒေသကြီးလွှတ်တော်ဥပဒေကြမ်း ကော်မတီမှ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပခြင်းဆိုင်ရာကော်မတီ၊ မင်းဘူး၊ စကု၊ ငဖဲဒေသခံများ၊ မကွေးတိုင်းသံဃာနာယက အဖွဲ့နှင့်မကွေးမြို့သံဃာရာမကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတဦးစိန္တ၊ ရွှေစက်တော်ဘုရားကြီးသြဝါဒစရိယဆရာတော်များထံမှ အကြံပြု ချက်များကို ရယူလျက် (၃)လအတွင်းရေးဆွဲသွားရန်၊

(၃)       ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းအသစ်ရေးဆွဲရာတွင် ၁၉၈၃ ခုနှစ်၊ ရွှေစက်တော် ဘုရားကြီး ဂေါပကစည်းမျဉ်းအားအခြေခံ၍ ဥပဒေကြမ်းကော်မတီအား မိမိတို့ကော်မတီမှ အသေးစိတ်အကြံပြု ကူညီလိုကြောင်း အကြံပြုတင်ပြအပ်ပါသည်၊

(၄)       ဂေါပကစည်းမျဉ်းအသစ်တွင် မဖြစ်မနေပြင်ဆင်သင့်သည့်အချက်မှာ ဂေါပကဖွဲ့စည်းပုံတွင် အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာအရာရှိများကို ထည့်သွင်းပါဝင်ပေးအပ်ခြင်း မပြုရန်ဖြစ် ပါသည်။ (လက်ရှိဂေါပကအဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူးမှ မိခင်ဌာန၏အလုပ်များကို ကြိုးစားလုပ်ကိုင်နိုင်ရန်နှင့် ရွှေစက်တော်ဂေါပကအဖွဲ့တွင် ဌာနဆိုင်ရာများပါဝင် ဆောင်ရွက်ခြင်းမပြုသင့်ကြောင်း ကော်မတီနှင့်တွေ့ဆုံရာတွင်တရားဝင် အဆိုပြုတင်ပြ ထားပြီးဖြစ်ပါသည်။)သို့သော် ပွဲတော်ခင်းကျင်းပနိုင်းရေးအကြို ကာလများနှင့် ပွဲတော်တွင်း ပွဲတော်ကာလ၌ လုံခြုံရေး၊  ကျန်းမာရေး၊  ပွဲတော်ခင်းကျင်းခြင်းဆိုင်ရာ  အဆင်ပြေချောမွေ့စေရေးတို့အတွက် ဂေါပကအဖွဲ့၏ ဆုံးဖြတ်ဆောင်ရွက်မှုလုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ် ကူညီရေးအခန်းကဏ္ဍတွင် အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ၏ အကူအညီကို ရယူနိုင်ရန် တာဝန်ပေးအပ်ရန်လည်းလိုအပ်ပါသည်၊

(၅ )      ဂေါပကစည်းမျဉ်းအသစ်တွင် ခေါင်းစဉ်တစ်ခုဖြင့် ပါဝင်သင့်သော ဘဏ္ဍာတော်ငွေနှင့် လှူဒါန်းပစ္စည်း ထိန်းသိမ်းခြင်းဆိုင်ရာ စည်းမျဉ်းကိုအကျယ်ဖွင့်ဆို ချမှတ်နိုင်ရန် တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ပူးပေါင်းကြိုးပမ်းသင့်ပါသည်။ ရည်ရွယ်ချက်မှာ တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ဂေါပကအဖွဲ့၏ ဘဏ္ဍာတော်ထိန်းသိမ်း ခြင်းဆိုင်ရာ ကိစ္စအရပ်ရပ်အား စစ်ဆေးအတည်ပြုခြင်း၊ တိုင်းဒေသကြီးအစိုးရအား အစီရင်ခံစေခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်၊

(၆)       ရှေးဟောင်းယဉ်ကျေးမှု သမိုင်းအမွေအနှစ်များနှင့် ပတ်သက်၍ကျွမ်းကျင်သူပညာရှင်များမှ သမိုင်းဝင်ပစ္စည်း အမျိုးအစားအလိုက် စာရင်းပြုစုပြီးထိန်းသိမ်းရန်နှင့် ရွှေစက်တော် ဘုရားကြီး သင့်တော်ရာနေရာတွင် ပြတိုက်ငယ်တစ်ခုဆောက်လုပ်၍ ရွှေစက်တော် ဘုရားကြီးနှင့် သက်ဆိုင်သော ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းသမိုင်း အမွေအနှစ်ဆိုင်ရာ ပစ္စည်းများအား ပြသထားနိုင်ရန် အကြံပြုတိုက်တွန်းလိုပါသည်၊

(၇)       သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်ဝါးမပြုန်း တီးစေရေးကို ဦးတည်လျှက် ရွှေစက်တော်ဘုရားပွဲတော်ကာလတွင် အသုံးပြုသည့် သစ်ဝါးကုန်ကျမှု စာရင်းဇယားကို သစ်တောဌာနမှ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ပြုစုစေပြီး သစ်ဝါးနေရာတွင် အစားထိုး၍ တည်ဆောက်နိုင်သည့် ဒီဇိုင်းရေးဆွဲ၍ ရေရှည်အသုံးပြုသွားနိုင်စေရေး ကြိုးပမ်းအားထုတ်သင့်ပါသည်။(မှတ်ချက်။ ဘုရားဖူးများအား ဆွဲဆောင်မှုဖြစ်စေသည့် သစ်ဝါးများလုံးဝ အသုံးမပြုစေရန်မရည်ရွယ်ပါ။ဥပမာ-အမာခံ တည်ဆောက်မှုကို (hollow pipe)ဖြင့်အစားထိုး တည်ဆောက်ခြင်းမျိုးကို ရည်ရွယ်ပါသည်၊

(၈)       ရွှေစက်တော်ဘုရား ဘက်စုံပြုပြင်မှုလုပ်ငန်းများကို အနာဂတ်တွင် လုပ်ကိုင်ရာ၌ တင့်တယ် ခန့်ညားမှုဖြစ်စေရန်အတွက် အထက်စက်တော်ရာ ဘုံဆောင်ပြုပြင်ခြင်း စောင်းတန်း လှေကားများ၊ စောင်းတန်းအမိုးများ၊ စောင်းတန်းလက်ကိုင်တန်းများပြင်ဆင်ခြင်း၊ တပ်ဆင်ခြင်း၊ စောင်းတန်းအမိုးများကို ဆေးသုတ်ခြင်း၊ ကျောက်သားနံရံခိုင်ခန့်မှု အခြေအနေကို ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ ပညာရှင်များ၏ အကူအညီဖြင့် တွက်ချက်၍ ပြန်လည်ပြုပြင်သွားရန်လိုအပ်ပါသည်၊

(၉)       ရွှေစက်တော် တောင်တော်အလှနှင့်၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းခြင်းအလို့ငှာ နွေရာသီတွင် စိမ်းစိုမည့်အပင်အမျိုးအစားများကို သစ်တောဌာနအကူအညီဖြင့် ရှင်သန်အောင် ပြုစုပျိုးထောင် စိုက်ပျိုးသွားရန် လိုအပ်ပါသည်၊

(၁၀)    ပွဲတော်ကွင်းသတ်မှတ်မှု ဧရိယာသည် ကျင်းပပြီးခဲ့သည့် ပွဲတော်အထိ ကျဉ်းနေသောကြောင့် တည်းခိုဆောင်အရေအတွက်နှင့် ဈေးဆိုင်တန်းများ အရေအတွက်နှင့် အချိုးမမျှဖြစ်နေ ပါသည်။ ထို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု၊ ပွဲတော်အလှပျက်ခဲ့ရမှုများကို ကုစားနိုင်ရန် အတွက် နမ္မဒါဧည့်ရိပ်သာအား မန်းချောင်းအထက်ဘက်သို့တိုး၍ လာမည့်နှစ်တွင် ပွဲတော် နေရာဧရိယာသတ်မှတ်မှုပြုလုပ်ကာ ပွဲတော်ခင်းကျင်း ဆောင်ရွက်သင့်ကြောင်း အကြံပြု လိုပါသည်၊

(၁၁)     နမ္မဒါ ဧည့်ရိပ်သာ ဆောက်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်မှု (သိန်းရှစ်ရာခန့် ကုန်ကျသည်ဟု သိရှိရပါသည်)ကို စစ်ဆေးရန်နှင့် လာမည့်နှစ်တွင် ကုန်ကျစရိတ်သက်သာစွာ တည်ဆောက် သွားရန်နှင့် ယခုနှစ်သတ်မှတ်ဈေးနှုန်းမျိုးမကောက်ခံရန် လိုအပ်သည်ဟုလည်း အကြံပြု လိုပါသည်။

၁၄။    လတ်တလောဆောင်ရွက်သင့်သည့် အကြံပြုချက်များ

(က)     မန်းရွှေစက်တော်ဘုရားကြီး ပွဲတော်နှင့်သက်ဆိုင်သော တင်ဒါလုပ်ငန်းများ၊ တဲကျောင်းနှင့် ပွဲတော်တွင်းအခြား စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုများ၊ စည်းကမ်းပျက် လုပ်ငန်းရှင်များနှင့် ပတ်သက်၍ တာဝန်အရှိဆုံးမှာ ဂေါပကဖြစ်ခြင်းကြောင့်၊ ဂေါပက အဖွဲ့အား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အကြံပြုလိုပါတယ်၊

( ခ )     ရွှေစက်တော်ဘုရား ဘဏ္ဍာတော်ဆိုင်ရာ မြန်မာကျပ်ငွေ၊ နိုင်ငံခြားငွေ၊ လက်ဝတ်ရတနာ ပစ္စည်း၊ အခြားပစ္စည်းများစသဖြင့် စာရင်းဇယားများကို အမြန်ဆုံးစစ်ဆေး၍ စာရင်း အတည်ပြုချက် ရယူနိုင်ရန်နှင့် လိုအပ်သလိုစုံစမ်းစစ်ဆေးမှုများဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး စာရင်းစစ်ချုပ်အပါအဝင် သင့်တော်သူများနှင့် အမြန်ဆုံးကြိုးပမ်း ဆောင်ရွက်ရန်၊

(၃)       နှစ်စဉ်ပွဲတော်ပြင်ပကာလတွင် ဘုရားကြီးဘက်စုံပြုပြင် မွမ်းမံသည့်အစဉ်အလာရှိခြင်း ကြောင့် လက်ရှိဂေါပက အဖွဲ့ကို ဦးဆောင်ကြီးကြပ်စေခြင်းမပြုဘဲသင့်တော်သော ပုဂ္ဂိုလ်များ (ဥပမာအားဖြင့် ပွဲတော်ကာလ ပြီးဆုံးသွားတဲ့အတွက် ဂေါပကအဖွဲ့က လက်ရှိပြုပြင်မွမ်းမံ မှုများကို ၎င်းတို့ ဦးဆောင်ရွက်ရန်မပြုသင့်ကြောင်း အဓိကတွေ့ရှိချက်ကို ပြောခြင်းဖြစ် ပါတယ်။) (မင်းဘူးခရိုင်ဌာနဆိုင်ရာ၊တာဝန်ရှိသူများ အင်ဂျင်နီယာများ လွှတ်တော်မှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များ)ကို တိုင်းဒေသကြီးအစိုးရမှ လက်ရှိဂေါပက အဖွဲ့နှင့် ပူးတွဲဆောင်ရွက်နိုင်ရန် ယာယီ ခန့်အပ်တာဝန်ပေးအပ်နိုင်ပါရန် အကြံပြုလိုပါတယ်၊

(၄)       ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်း သွားနိုင်ရေးအတွက် ဂေါပကစည်းမျဉ်းစည်းကမ်းအသစ်ကို (၃)လအတွင်းတိုင်းဒေသကြီးလွှတ်တော်မှ တာဝန်ယူရေးဆွဲသွားနိုင်ရေးအတွက် လွှတ်တော် ဥက္ကဋ္ဌမှ တာဝန်ပေးအပ်နိုင်ပါရန် လေးစားစွာအကြံပြုလိုပါတယ်၊ဒီနေရာတွင် စကားချပ်အရ တင်ပြလိုသည်က ဂေါပကစည်းမျဉ်းစည်းကမ်းများက တိုင်းဒေသကြီးအစိုးရအဖွဲ့မ ှရေးသား၍ တာဝန်ပေးအပ်ခြင်းကို ကော်မတီမှသိရှိပါသည်။ လိုအပ်သည့်အတွက် တိုင်းဒေသကြီးဥပဒေကြမ်းကော်မတီမှ တိုင်းဒေသကြီးလွှတ်တော်မှ တာဝန်ယူရေးဆွဲသင့် ကြောင်း အဆိုပြုခြင်းဖြစ်ပါတယ်။

(၅)       မန်းရွှေစက်တော်ဘုရားနှင့်သက်ဆိုင်သော ဤကော်မတီမှတွေ့ရှိသုံးသပ်ချက်အစီရင်ခံစာနှင့် အကြံပြုချက်များကို လွှတ်တော်ဥက္ကဋ္ဌမှ ဦးဆောင်၍ ဂေါပကအဖွဲ့ ဩဝါဒစရိယ ဆရာတော်များကို လျှောက်ထားရှင်းလင်းရန် လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။

နိဂုံး

၁၅။      မန်းရွှေစက်တော်ဘုရားပွဲတော်နှင့် ပတ်သက်၍ ဒေသခံများအပြင် မြန်မာနိုင်ငံတစ်နံတစ်လျားမှ လာရောက်ကြသော ဘုရားဖူးမိဘပြည်သူများ၏ အမြင်တွင် စည်းကမ်းမဲ့သော၊ စျေးနှုန်းကြီးမြင့်သော၊ အခွန်အခကြီးမြင့်သော၊ ဘုရားဖူးများအပေါ် ဝန်ဆောင်မှုအားနည်းသော ပွဲတော်တစ်ခုအဖြစ် ရှု့မြင်ခံခဲ့ရ သည်မှာ ဆယ်စုနှစ် (၂)စုကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဘုရားဖူးများ၏ လှူဒါန်းငွေဖြင့် ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံမှု ကိစ္စအရပ်ရပ်တွင်လည်း ထင်သာမြင်သာသည့် တိုးတက်ပြောင်းလဲမှုများ မရှိသည်ကို တွေ့နိုင်ပေသည်။ သို့ဖြစ်ပါ၍ အလှူရှင်များ၏ စိတ်နှလုံးကြည်လင်စေရန်နှင့်  တစ်နှစ်ထက်တစ်နှစ် ကြည်ညိုသပ္ပာယ်စွာဖူးမြော်နိုင်ရေးအတွက် စနစ်တကျထိန်းသိမ်းပြုပြင်မှုများသည် ထင်သာမြင်သာရှိပြီး အမှန်တကယ်လိုအပ်သော ပြုပြင်ထိန်းသိမ်း တိုးချဲ့ဆောင်ရွက်မှုမျိုးဖြစ်စေရန် အလွန်အရေးကြီးပါတယ်။ သို့အတွက် ဘက်စုံပြုပြင်မွမ်းမံမှုပြုရာတွင် ရှေးဟောင်းယဉ်ကျေးမှုသမိုင်း အမွေအနှစ်များကို မပျက်စီးစေဘဲ ဗိသုကာဟန်နှင့် စံချိန်စံညွှန်းအပိုင်းတွင် တာရှည်ခံမည့် ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များ ဖြစ်ရန် အထူးလိုအပ်ပါတယ်။

ထို့အပြင် အရေးကြီးသည့်သတိပြုစရာအချက်မှာ တင်ပြခဲ့ပြီးဖြစ်သော အချက်အလက်များကို ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာ၌ဂေါပကစည်းမျဉ်းအသစ်၊ ဖွဲ့စည်းပုံအသစ်ဖြင့် ဘဏ္ဍာတော်ငွေများ အလေအလွင့်မရှိသော ဘက်စုံပြုပြင်မွမ်းမံမှုလုပ်ငန်းများကို လုပ်ကိုင်လာနိုင်ရန်လိုအပ်ပါတယ်။ ပွဲတော် ခင်းကျင်းခြင်းဆိုင်ရာ အကြိုလုပ်ငန်း တို့တွင် တင်ဒါလုပ်ငန်းများချထားရာ၌လည်း အဂတိလိုက်စားမှုများ ဆက်လက်မရှိစေရန်နှင့် ပွဲတော်ကာလအတွင်း လုံခြုံရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တည်းခိုဆောင်စျေးနှုန်း ကြီးမြင့်မှု ပြဿနာများမဖြစ်ပေါ်စေရန် အထူးအလေးထားကြပ်မတ် ဆောင်ရွက်သွားရန်လည်း လိုအပ်လှပါတယ်။ သို့မှသာလျှင် အပြောင်းအလဲကို အလေးအနက်ဖော်ဆောင်ပေးသောတိုင်းဒေသကြီး လွှတ်တော်၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရာရောက်မည်ဖြစ်ပါတယ်။ သို့အတွက်ကြောင့် ရွှေစက်တော် အပြောင်းအလဲအတွက် မူဝါဒများ၊ ဖွဲ့စည်းပုံများကို (၃)လအတွင်း ပြောင်းလဲပြုပြင်ပြီး နောက်ပိုင်း၌ ပေါ်ပေါက်လာမည့် ဂေါပကအသစ်နှင့် ညှိနှိုင်းပေါင်းစပ်အကူအညီပေးရမည့် ဌာနဆိုင်ရာများကို တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းဒေသကြီးအစိုးရဘက်မှ စနစ်တကျကြီးကြပ်၍ ပွဲတော်အကြိုကာလ ခင်းကျင်းမှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ထားသင့်သည်ဟု အကြံပြုလိုပါတယ်။   ထိုသို့ဆောင်ရွက်ရာ တွင်အစဉ်အလာဆိုးများအရပွဲတော်လုပ်ငန်းများရရှိလုပ်ကိုင်ခဲ့ကြသော လုပ်ငန်းရှင်များ၏ ချယ်လှယ်မှု၊ လာဘ်ပေးလာဘ်ယူစနစ်ဖြင့် ပွဲတော်အခင်းအကျင်း လုပ်ငန်းခွဲဝေမှုကို စွက်ဖက်လာနိုင်သည့် အန္တရာယ် များအား ရှောင်ရှားနိုင်ရေးအတွက် အဓိကအကျဆုံးမှာ အသစ်ရေးဆွဲပြဋ္ဌာန်းမည့် ဂေါပကစည်းမျဉ်းအသစ်၊ တင်ဒါစည်းမျဉ်းသစ်များအတိုင်း ပြတ်ပြတ်သားသား စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် အထူးအလေးထား တင်ပြတိုက်တွန်းအပ်ပါသည်။ အထက်ပါ လေ့လာသုံးသပ်ချက်၊ အကြံပြုချက်များသည် မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပခြင်း လုပ်ငန်းများဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်အပိုဒ်၁၀(က)အရ နိုင်ငံတော်နှင့် ပြည်သူတို့အားအကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များ ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်သို့ လေးစားစွာတင်ပြအစီရင်ခံအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

 

 

                                                                                                              ဥက္ကဋ္ဌ

                                                                  မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာ

                                                                                            လေ့လာညှိနှိုင်းရေး ကော်မတီ

                                                                                         မကွေးတိုင်းဒေသကြီးလွှတ်တော်