
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၃/၂၀၁၇) ပထမနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်အထူးအစည်းအဝေးများ
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၃/၂၀၁၇) ပထမနေ့ကို (၃၀.၈.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ လျာထားချက်၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်များကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့တင်သွင်းခဲ့ပြီး ယင်းငွေစာရင်း လျာထားချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏လေ့လာတွေ့ရှိချက် အစီရင်ခံစာကို မကွေးတိုင်း ဒေသကြီးလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဦးစန်းကြူက လွှတ်တော်သို့တင်သွင်းခဲ့ပါသည်။ ထို့နောက်
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ လျာထားချက်၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းလျာထား ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကုန်သွယ်လုပ်ငန်းခွန်တွင်ပါဝင်သည့် ငွေလုံးငွေရင်းအသုံးစရိတ်များအား မကွေးတိုင်းဒေသကြီး၏ မည်သည့်ကဏ္ဍတွင် မည်သည့်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏လေ့လာတွေ့ရှိချက် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီးလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဌ ဦးတင့်လွင်က လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကုန်သွယ်လုပ်ငန်းခွန် တွင်ပါဝင်သည့် ငွေလုံးငွေရင်းအသုံးစရိတ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ပထမနေ့ကို (၁၀း၅၀)နာရီ အချိန် တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက် (ကြာသပတေးနေ့) (၁၀း၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်