
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၃/၂၀၁၇) ဒုတိယနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်အထူးအစည်းအဝေးများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၃/၂၀၁၇) ဒုတိယနေ့ကို (၃၁.၈.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၁)ဦးတက်ရောက်၍ (၈၉.၇၀)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ၊ ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းလျာထားချက်ငွေစာရင်းများအနက်မှ မြို့သစ်မြို့နယ်၊ မြို့လုလင်ရေလွှဲဆည် ရေသွင်းမြောင်းပြုပြင်ခြင်းကိစ္စနှင့် မင်းတုန်းမြို့နယ်၊ စည်တီးဆည် ပြင်ဆင်ခြင်းကိစ္စတို့နှင့် စပ်လျဉ်းပြီး လွှတ်တော်က အတည်မပြုကြောင်းနှင့် အဆိုပါလုပ်ငန်း(၂)ခုအစား ၎င်းငွေပမာဏနှင့်တူညီသည့် အခြားလုပ်ငန်းများအား သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော်သို့ ပြန်လည်ပေးပို့ရန်ဖြစ်ပြီး ကျန်ရှိသည့့််လျာထားချက် ငွေစာရင်းများအား လွှတ်တော်၏ဆန္ဒ သဘောထားရယူရာ လွှတ်တော်က ကန့်ကွက်သူမရှိသည့်အတွက် သဘောတူကြောင်းနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာ အား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီၤးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်မှှ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကုန်သွယ်လုပ်ငန်းခွန်တွင်ပါဝင်သည့် ငွေလုံးငွေရင်းအသုံးစရိတ်များအား မကွေးတိုင်းဒေသကြီး၏ မည်သည့် ကဏ္ဍတွင် မည်သည့်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်ကို လွှတ်တော် ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့ရှိ ဝန်ထမ်းအိမ်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကုန်သွယ်လုပ်ငန်းခွန်တွင်ပါဝင်သည့် ကျေးလက်လမ်းများနှင့်စပ်လျဉ်းပြီး လွှတ်တော်ကအတည်မပြုကြောင်း၊ ယင်းကျေးလက်လမ်းကိစ္စအား သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော်သို့ ပြန်လည်ပေးပို့ရန်ဖြစ်ပြီး ကျန်ငွေလုံးငွေရင်းအသုံးစရိတ်များကို လွှတ်တော်၏ဆန္ဒ သဘောထားရယူရာ လွှတ်တော်က ကန့်ကွက်သူ မရှိသည့်အတွက် လွှတ်တော်ကသဘောတူကြောင်းနှင့် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီၤးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်မှှ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်တာနေ့တွက်စရိတ် (၉၅၀၀၀၀ိ/-)ကျပ်အား ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူကြောင်း တင်ပြသည့်အတွက် ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များကို အလှူငွေ (၉၅၀၀၀၀ိ/-)ကျပ်အား ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၃/၂၀၁၇)အောင်မြင်စွာကျင်းပ ပြီးစီးကြောင်းနှင့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေးကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပြီး ဒုတိယနေ့ အစည်းအဝေးကို (၁၁း၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။