
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈) ဒုတိယနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်အရေးပေါ်အစည်းအဝေးဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈) ဒုတိယနေ့ကို (၁၆.၂.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၄.၀၃)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဆိုပြုလာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဝန်ကြီးများ၏ အမည်စာရင်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၇)ဦးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၅၂ နှင့် ၂၀၁၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၄ တို့အရ ကန့်ကွက်ကြောင်းအဆိုပြုချက်ကို တင်သွင်းလာရာ ယင်းကန့်ကွက်ကြောင်းအဆိုပြုချက်တင်သွင်းလာမှု နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ/မညီ အချိန်ယူစိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ကို နံနက် (၁၀း၀၅) နာရီအချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်
(တနင်္လာနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။