
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈) တတိယနေ့ ကျင်းပပြုလုပ်
ဒုတိယအကြိမ်အရေးပေါ်အစည်းအဝေးဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈) တတိယနေ့ကို (၂၆.၂.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၂)ဦးတက်ရောက်၍ (၉၂.၅၄)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) ပထမနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာခင်မောင်အေးမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဝန်ကြီးနှစ်ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး၊ အဆိုပါအမည်စာရင်းနှင့် စပ်လျဉ်း၍ ဥပဒေပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံမှုရှိ/မရှိ သက်သေအထင်အရှားပြကာ လက်မှတ်ရေးထိုးပြီး ဆွေးနွေးတင်ပြလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ ကြေညာခဲ့၍ အစည်းအဝေး ဒုတိယနေ့တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၇)ဦးတို့မှ ကန့်ကွက်မှု အခြေအနေကို လွှတ်တော်သို့ တင်ပြလာသဖြင့် ယင်းကန့်ကွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေနှင့် ညီ/မညီ အချိန်ယူစိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး တတိယနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမည်စာရင်းတင်သွင်းထားသူနှစ်ဦးကို အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ပြန်လည်ရုပ်သိမ်းသည့်အတွက် အဆိုပြုတင်သွင်းထားသူများနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် ပြည်သူများ၏ အသံနှင့်ဆန္ဒများကို အလေးထားနာခံသောအားဖြင့် အမည်စာရင်းတင်သွင်း ထားမှုကို ပြန်လည်ရုပ်သိမ်းသွားသည့်အတွက် မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ၂၀၁၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၉ (ဂ) အရ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၇)ဦးတို့မှလည်း ယင်းအမည်စာရင်းတို့နှင့်စပ်လျဉ်း၍ ကန့်ကွက်မှုအဆိုကို ပြန်လည်ရုပ်သိမ်းကြောင်း တင်ပြလာ၍ လွှတ်တော်က သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) အောင်မြင်စွာ ပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး တတိယနေ့အစည်းအဝေးကို နံနက် (၁၀း၁၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။