ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၇) ပထမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်အရေးပေါ်အစည်းအဝေး

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၇) ပထမနေ့ကို (၂၂.၁၁.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်ကျော်စိုးမှ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေ၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများနှင့် ၂၀၁၇-၂၀၁၈ခု၊ မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့တင်သွင်းခဲ့ပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာပါသည်။ထို့နောက် မကွေးတိုင်းဒေသကြီး၏ ၂၀၁၈ခုနှစ်(ဧပြီလမှစက်တင်ဘာလအထိ)

ရသုံးခန့်မှန်းခြေငွေစာရင်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့တင်သွင်းခဲ့ပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အခွန်ဝေစုရငွေမှ ခွဲဝေလျာထားရငွေနှင့် ဆိုင်ကယ်လိုင်စင်ကြေး ၇၅% ရငွေမှ လုပ်ငန်း(၁၀)ခုနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏လေ့လာတွေ့ရှိချက် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်၏ဆန္ဒ သဘောထားရယူရာ ကန့်ကွက်သူ မရှိသည့်အတွက် လွှတ်တော်ကသဘောတူကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့ကို (၁၀၄၅)နာရီ အချိန် တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် (ကြာသပတေးနေ့) (၁၀း၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။