ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၇) ဒုတိယနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်အရေးပေါ်အစည်းအဝေး

………………………………………………………………………………….

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၇) ဒုတိယနေ့ကို (၂၃.၁၁.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦးတက်ရောက်၍ (၉၁.၁၈)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေ၊ ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ဦးဇော်မင်းထွန်းက ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ထို့နောက် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ဦးမင်းဟန်က ဖတ်ကြားတင်သွင်းခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေ၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများနှင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့ရာ တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူ၍လွှတ်တော်မှှ အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

မကွေးတိုင်းဒေသကြီး၏ ၂၀၁၈ခုနှစ် (ဧပြီလမှစက်တင်ဘာလအထိ) ရသုံးခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကိုကော်မတီအဖွဲ့ဝင်ဒေါ်သက်မွန်အေးက ဖတ်ကြားတင်သွင်းခဲ့ပြီး ရသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး၏ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ရသုံးခန့်မှန်းခြေငွေစာရင်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက လွှတ်တော်သို့တင်သွင်းခဲ့ပြီး မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က ထောက်ခံဆွေးနွေးခဲ့ကာ လွှတ်တော်၏ သဘောထားရယူ၍ လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို အောင်မြင်စွာပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဒုတိယနေ့ အစည်းအဝေးကို ( ၁၁း၂၅ )အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။