
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၂၇.၆.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးထွန်းမြင့်လတ်မှ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၃)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၆)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ဂန့်ဂေါမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်ဆန်းဝင်းက ဇာဟောတံတားနှင့် ဇာဟော-အန်းတာ ကားလမ်းဟာ ကျေးရွာပြည်သူလူထု အများစုအတွက် အကျိုးသက်ရောက်မှု အားနည်းကြောင်းနှင့် အရှေ့ဂန့်ဂေါ၊ အနောက် ဂန့်ဂေါဆက်သွယ်သောမြစ်ကူးကွန်ကရစ်တံတားဟာ ပြည်သူ့အကျိုးကို သိသာထင်ရှားပြီး တမဟုတ်ခြင်း ဖွံ့ဖြိုးလာမှာဖြစ်လို့ မြစ်သာမြစ်ကူး ကွန်ကရစ်တံတားအား အမြန်ဆောက်လုပ်နိုင်ရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ အဆိုနှင့်စပ်လျဉ်း၍ ထီးလင်းမဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ထောက်ခံဆွေးနွေးပြီး လွှတ်တော်၏ဆန္ဒသဘောထားရယူရာ ကန့်ကွက်သူရှိသဖြင့် လက်ခံဆွေးနွေးရန်သင့်/မသင့် မဲခွဲဆုံးဖြတ်ရာ လက်ခံဆွေးနွေးရန်ထောက်ခံသည့်ကိုယ်စားလှယ် များသည့်အတွက် ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
၎င်းနောက် ဓါတ်မြေသြဇာစနစ်တကျသုံးစွဲရေးနှင့် သဘာဝမြေသြဇာစနစ်တကျထုတ်လုပ်သုံးစွဲရေး ဥပဒေ ကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းလွှတ်တော်ဥက္ကဌကကြေညာပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး လွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် မြို့သစ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေမှ လွှတ်တော်သို့ တင်သွင်းရာ လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်ရန် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၂း၃၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။