ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တတိယနေ့ကို (၂၈.၆.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို မကွေးတိုင်းဒေသကြီးတရားသူကြီးချုပ်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဒုတိယဥက္ကဌကကြေညာပါသည်။ ၎င်းနောက် ကြယ်ပွင့်ပြမေးခွန်း(၁၄)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၅)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးပထမနေ့တွင် ပေါက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်မြင့်စန်းတင်သွင်းခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်း မြစ်များ၊ ချောင်းများ၊ သဲချောင်းများ အတွင်းသို့ အမှိုက်များစွန့်ပစ်ခြင်းအား တားဆီးပေးစေလိုကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၅)ဦးမှ ထောက်ခံဆွေးနွေးကာ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ပြီး အဆိုရှင်၏ သဘောထားရယူ၍ လွှတ်တော်၏ အတည်ပြုချက်ရယူ၍ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဒုတိယဥက္ကဌက ကြေညာပါသည်။ ဆက်လက်၍ ဆောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်မြင့်က မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အတော်များများတွင် ထင်းများအသုံးပြုကာ အုတ်ထုတ်လုပ်ခြင်းမှ ထင်းအစားထိုး အုတ်ထုတ်လုပ်ခြင်းကို ပြုသင့်ကြောင်း အဆိုကို တင်သွင်းရာ အဆိုနှင့်စပ်လျဉ်း၍ သရက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ထောက်ခံဆွေးနွေးပြီး လွှတ်တော်၏ဆန္ဒသဘောထား ရယူရာ ကန့်ကွက်သူမရှိသဖြင့် ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကြေညာပါသည်။

၎င်းနောက် ဓါတ်မြေသြဇာစနစ်တကျသုံးစွဲရေးနှင့် သဘာဝမြေသြဇာစနစ်တကျထုတ်လုပ်သုံးစွဲရေး ဥပဒေ ကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာအား ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် စလင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသက်ခိုင်က ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား ကော်မတီဥက္ကဌ အောင်လံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအေးကျော်ကလည်းကောင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား ကော်မတီ အဖွဲ့ဝင် ဆောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးထင်လင်းက လည်းကောင်းလွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့ရာ လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်ရန် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်းလွှတ်တော်ဒုတိယဥက္ကဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၃း၁၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၉ ရက် (ကြာသပတေးနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။