
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္တနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္တနေ့ကို (၂၉.၆.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို သရက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ဆွေးနွေးခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးတရားသူကြီးချုပ်က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းအစီရင်ခံစာအားလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ၎င်းနောက် ကြယ်ပွင့်ပြမေးခွန်း(၁၄)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁၃) ဦးကမေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၅)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် သရက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ (၅)နှစ်စီမံကိန်း အောင်မြင်စေရန် အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအဆင့် ကျောင်းများတွင်ရှိသော ကျောင်းစာ ကြည့်တိုက်များ စာရင်းကောက်ယူ၍ စာကြည့်တိုက်လုပ်ငန်းစဉ်များ ကောင်းမွန်စွာလည်ပတ်နိုင်ရန်နှင့် ထိုမှတဆင့် အီလက်ထရောနစ် စာကြည့်တိုက်များအဖြစ် တိုးမြှင့်ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော်မတီ(၁)ရပ် ဖွဲ့စည်းပြီး ဦးဆောင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ အဆိုနှင့်စပ်လျဉ်း၍ ချောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ထောက်ခံဆွေးနွေးပြီး လွှတ်တော်၏ဆန္ဒသဘောထား ရယူရာ ကန့်ကွက်သူမရှိသဖြင့် ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ အစည်းအဝေးဒုတိယနေ့တွင် ဂန့်ဂေါမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်ဆန်းဝင်း တင်သွင်းသော ဇာဟောတံတားနှင့် ဇာဟော-အန်းတာ ကားလမ်းဟာ ကျေးရွာပြည်သူလူထု အများစုအတွက် အကျိုးသက်ရောက်မှု အားနည်းကြောင်းနှင့် အရှေ့ဂန့်ဂေါ၊ အနောက် ဂန့်ဂေါဆက်သွယ်သောမြစ်ကူး ကွန်ကရစ် တံတားဟာ ပြည်သူ့အကျိုးကို သိသာထင်ရှားပြီး တမဟုတ်ခြင်း ဖွံ့ဖြိုးလာမှာဖြစ်လို့ မြစ်သာမြစ်ကူး ကွန်ကရစ် တံတားအား အမြန်ဆောက်လုပ်နိုင်ရန် တိုက်တွန်းကြောင်း အဆိုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၄)ဦးမှ ထောက်ခံဆွေးနွေးပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးမှ ကန့်ကွက်ဆွေးနွေးခဲ့ကာ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုရှင်၏ သဘောထားရယူ၍ လွှတ်တော်၏ အတည်ပြုချက်ရယူ၍ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဆက်လက်၍ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ထို့နောက် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာအား ကော်မတီ အဖွဲ့ဝင် ဆင်ပေါင်ဝဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်လွင်က လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့ရာ လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင် နိုင်ရန် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာ ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္တနေ့ကို (၁၃း၀၈)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက် (သောကြာနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။