ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၃၀.၆.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၀)ဦးတက်ရောက်၍ (၈၈.၂၄)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို မကွေးတိုင်းဒေသကြီးဥပဒေချုပ်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ၎င်းနောက် ကြယ်ပွင့်ပြမေးခွန်း(၁၃)ခုကို လွှတ်တော် ကိုယ်စားလှယ်(၁၁)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၅)ဦးက ပြန်လည်ဖြေကြား ခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးတတိယနေ့တွင် ဆောမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် တင်သွင်းသော မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အတော်များများတွင် ထင်းများအသုံးပြုကာ အုတ်ထုတ်လုပ်ခြင်းမှ ထင်းအစားထိုး အုတ်ထုတ်လုပ်ခြင်းကို ပြုလုပ်သင့်ကြောင်း အဆိုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၄)ဦးမှ ထောက်ခံဆွေးနွေးပြီး သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုရှင်၏ သဘောထားရယူ၍ လွှတ်တော်တွင်မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

ဆက်လက်၍ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာအား ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါသည်။ထို့နောက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား ကော်မတီ အဖွဲ့ဝင် ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသိန်းလှက လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့ရာ လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့ သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၂း၃၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ဆဌမနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃ ရက် (တနင်္လာနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။