ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဌမနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဌမနေ့ကို (၃.၇.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ်၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို သရက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ဆွေးနွေးခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ်က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းအစီရင်ခံစာအားလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ၎င်းနောက် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော်ကိုယ်စား လှယ်(၉) ဦးကမေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် အစည်းအဝေးစတုတ္တနေ့တွင် သရက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်တင်သွင်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၏ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ (၅)နှစ်စီမံကိန်း အောင်မြင်စေရန် အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအဆင့် ကျောင်းများတွင် ရှိသော ကျောင်းစာ ကြည့်တိုက်များ စာရင်းကောက်ယူ၍ စာကြည့်တိုက်လုပ်ငန်း စဉ်များ ကောင်းမွန်စွာလည်ပတ်နိုင်ရန် နှင့် ထိုမှတဆင့် အီလက်ထရောနစ် စာကြည့်တိုက်များအဖြစ် တိုးမြှင့်ဆောင်ရွက် ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကော်မတီ(၁)ရပ် ဖွဲ့စည်းပြီး ဦးဆောင် ဆောင်ရွက်ပေးရန် တိုက်တွန်း ကြောင်း အဆိုကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၆)ဦးမှ ထောက်ခံဆွေးနွေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုရှင်၏ သဘောထားရယူ၍ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ဆက်လက်၍ ဓါတ်မြေသြဇာစနစ်တကျ သုံးစွဲရေးနှင့် သဘာဝမြေသြဇာ စနစ်တကျထုတ်လုပ် သုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ထီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ဆွေးနွေးခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက် ရယူ၍ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ထို့နောက် ယင်းဥပဒေကြမ်း တစ်ရပ်လုံးအား လွှတ်တော်တွင် အတည်ပြုပေးရန် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက အဆိုတင်သွင်းပြီး စလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်ကထောက်ခံဆွေးနွေးခဲ့ကာ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် စေတုတ္တရာမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးမှ ဖတ်ကြားတင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ၎င်းနောက် ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်း အဝေး(၂/၂၀၁၇) တွင် မကွေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် တင်သွင်းခဲ့သော အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးက ရှင်းလင်းတင်ပြခဲ့ပါသည်။ ဝန်ကြီး၏ရှင်းလင်းမှုအပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၅)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အဆိုရှင်၏ သဘောထားရယူ၍ ၎င်းတို့၏ဆွေးနွေးမှုများအား နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဌမနေ့ကို (၁၃း၁၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် သတ္တမနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၄ ရက် (အင်္ဂါနေ့) (၁၀း၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။